အသုံးမဝင်ဘူးတဲ့လား

တခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ ခရီးတခုကို အတူတူ ထွက်လာခဲ့ရာမှာ ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ပင်ပန်းနွမ်းလျလို့ နေပါတယ်။

ဒီလိုနဲ့ တရွေ့ရွေ့ ခရီးဆက်လာကြရင်း တနေရာ အရောက်မှာတော့ သစ်ပင်အိုကြီးတပင်ကို တွေ့လိုက်ရပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်း ဝမ်းသာအားရနဲ့ သစ်ပင်ကြီးရဲ့အောက်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အနားယူလိုက်ပါတယ်။

ဒီလိုနဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ လဲလျောင်း အနားယူနေရင်း တယောက်သော သူငယ်ချင်းက သစ်ပင်ကြီးရဲ့ အကိုင်းအလက်တွေကို ကြည့်ပြီး အခုလိုပဲ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို ပြောလိုက်ပါတယ်။

"ဒီသစ်ပင်ကြီးကို ကြည့်ပါဦး။ အိုမင်းနေပြီနော်။ ပြီးတော့ စားစရာ ဘာသစ်သီး သစ်ဖုမှလည်း မရှိဘူး။ ပင်စည်က လွဲပြီး ဘာမှအသုံးမဝင်ဘူး" လို့ ပြောလိုက်ပါတယ်။

ဒါကို ကြားသွားတဲ့ သစ်ပင်ကြီးက "မိတ်ဆွေတို့ရေ ကျွန်ုပ်ဟာ လူသူ အရောက်အပေါက် နည်းတဲ့ နေရာဒေသမှာ တဦးတည်း ရပ်တည် နေရတာပါ။ ဘယ်သူမှလည်း ရေလာမလောင်းပေးသလို ဘယ်သူမှလည်း မြေသြဇာကောင်းကောင်း မကျွေးပါဘူး။

မိတ်ဆွေတို့ပြောသလို ကျွန်ပ်မှာ မိတ်ဆွေတို့ အဆာပြေ၊ ရေငတ်ပြေ စားသုံးနိုင်တဲ့ သစ်သီးတွေတော့ မရှိပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ ပြောသလို ပင်စည်က လွဲပြီး အသုံးမဝင်တာတော့ မဟုတ်ပါဘူးဗျာ။

အခု မိတ်ဆွေတို့ ခိုနားနေတဲ့ အရိပ်အာဝါသက ကျွန်ုပ်ဆီက ရတာပါ။ ကျွန်ုပ်ပေးနိုင်တဲ့ အရိပ်အာဝါသက အခုချိန်မှာ မိတ်ဆွေတို့ ခရီးဆက်ဖို့အတွက် အလွန် အသုံးဝင်ပါတယ်။

ဒီအတွက်ကြောင့် ကျွန်ုပ်ကို ပင်စည်ကလွဲပြီး ဘာမှ အသုံးမဝင်ဘူး လို့တော့ မသတ်မှတ်စေ ချင်ပါဘူး" လို့ စိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်။

ကျနော်တို့လည်း တခါတလေ သူငယ်ချင်း အချင်းချင်း ယှဉ်ပြုင်မိ၊ အားကျမိတဲ့အခါ မဆီမဆိုင် မိဘတွေကို အပြစ်တင်ခဲ့ မိပါတယ်။ အမေကသာ ချောချောလှလှလေး မွေးလာခဲ့ရင်၊ အသားဖြူဖြူလေး မွေးလာခဲ့ရင် ဆိုပြီး ပြစ်တင်နေခဲ့သလို၊

အဖေသာ သူဌေးကြီးတယောက် ဖြစ်ပြီး ငါလိုချင်တာ မှန်သမျှ ဝယ်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ ဆိုပြီး အားမလိုအားမရ ဖြစ်ခဲ့ဖူးကြပါတယ်။

အမှန်တကယ်က အခုလိုမျိုး ကိုယ်လက်အင်္ဂါစုံစုံနဲ့ လူတန်းစေ့ နေနိုင်စားနိုင်အောင် မိဘနှစ်ပါးရဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာတွေကို မေ့လျော့နေခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကနေ လက်ဆောင်ပေးချင်တဲ့ စကားလေးတခွန်းကတော့ "လိုချင်တပ်မက်မှုတွေ များလာတဲ့အခါ သင်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးသော အရာတွေကို မေ့လျော့သွားတတ် ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို မမေ့မလျော့ဘဲ အမြဲတမ်းအောက်မေ့ သတိရနေသင့်ပါတယ်" Crd

Post a Comment

0 Comments