ရိုးသားသော သစ်ခုတ်သမား

တခါတုန်းက ရွာလေးတရွာမှာ ရိုးသားပြီးကြိုးစားတဲ့ သစ်ခုတ်သမားလေးတယောက် ရှိတယ်။ သစ်ခုတ်သမားလေးဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်သော်လည်း အလွန်ဆင်းရဲတယ်။

ဘယ်လောက်တောင် ဆင်းရဲသလဲ ဆိုလျှင် သူမှာရှိတဲ့ တန်ဖိုးရှိပစ္စည်းဆိုလို့ သူသစ်ခုတ်တဲ့ ပုဆိန်လေးနဲ့ သူရဲ့အိမ်လေးပဲ ရှိတယ်။

သူဟာ ရွာလေးအနီးက တောထဲမှာပဲ သစ်ခုတ်ရင်း အသက်မွေးတယ်။ ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားလေးဟာ သစ်ခုတ်ဖို့ သစ်ပင်ရှာရင်း မြစ်ဘေးနားလေးကို ရောက်သွားတယ်။

သစ်ခုတ်သမားလေးက သူလိုချင်တဲ့ သစ်ပင်ကို မြစ်ဘေးမှာ တွေ့သွားတယ်။ အဲ့ဒါနဲ့ သူလည်း အားရဝမ်းသာ သစ်ပင်ကို ခုတ်တာပေါ့။

ဒါပေမဲ့ ကံအားလျော်စွာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပုဆိန်လေးက လက်ထဲက လွတ်ပြီး ရေထဲ ကျသွားတယ်။ သစ်ခုတ်သမားလေးက ရေလည်း မကူးတတ်တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီပေါ့။

သူ့အဖို့ ပုဆိန်နောက်တလက် ဝယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ဒါနဲ့ သစ်ခုတ်သမားလေးက ဝမ်းနည်းလွန်းလို့ မြစ်ဘေးမှာထိုင်ငိုနေမိတယ်။

သစ်ခုတ်သမားလေးရဲ့ ငိုသံကို မြစ်စောင့်နတ်က ကြားသွားတယ်။ ဒီတော့ မြစ်စောင့်နတ်က "အသင်လူသား အသင်ဘာအကြောင်းကြောင့် ငိုကြွေးနေတာလဲ" ဆိုပြီး မေးတာပေါ့။ အဲ့ဒီတော့ သစ်ခုတ်သမားလေးလည် သူ့အဖြစ်အပျက်ကို ပြောပြလိုက်တယ်။

မြစ်စောင့်နတ်က သစ်ခုတ်သမားကို သနားသွားတယ်။ အဲ့ဒါနဲ့ ရေထဲကို ငုတ်သွားတယ်။ ရေထဲက ပြန်ပေါ်လာတော့ မြစ်စောင့်နတ်ရဲ့ လက်ထဲမှာ ရွှေပုဆိန် ပါလာတယ်။

ဒီတော့ မြစ်စောင့်နတ်က သစ်ခုတ်အမားလေးကို "အသင်လူသား ဒါ အသင့်ရဲ့ ပုဆိန်လား" ဆိုပြီးတော့ မေးတယ်။ ရိုးသားတဲ့ သစ်ခုတ်သမားလေးက "အဲ့ဒါ ကျနော့်ပုဆိန် မဟုတ်ပါဘူး" လို့ ငြင်းလိုက်တယ်။

အဲဒါနဲ့ မြစ်စောင့်နတ်လည်း ရေထဲကို ပြန်ငုတ်သွားပြန်တယ်။ ပြန်ပေါ်လာတော့ ငွေပုဆိန် ပါလာတယ်။ သစ်ခုတ်သမားကို မေးပြန်တယ်။ သစ်ခုတ်သမားကလည်း ငြင်းပြန်တယ်။

မြစ်စောင့်နတ်လည်း ရေထဲ ပြန်ငုတ်သွား ပြန်တယ်။ ကြေးပုဆိန်ကို ယူပြီး သစ်ခုတ်သမားကို ပေးပြန်တယ်။ သစ်ခုတ်သမားကလည်း ငြင်းပြန်တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြစ်စောင့်နတ်ဟာ သစ်ခုတ်သမားရဲ့ ပုဆိန်လေးကို ရေထဲက ဆယ်ပြီးပေးလိုက်တယ်။ ပြီးတော့ မြစ်စောင့်နတ်ဟာ ရိုးသားလှတဲ့ သစ်ခုတ်အမားကို ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်ပါ လက်ဆောင် ပေးလိုင်တယ်။ ဒီလိုနဲ့ သစ်ခုတ်သမားလေးဟာ နေ့ချင်းညချင်း ချမ်းသာသွားပြီး ဘဝကို ပျော်ရွှင်စွာ ဖြစ်သန်းသွားသတဲ့။

သူ့အကြောင်းတွေကို ကြားသိသွားတဲ့ သစ်ခုတ်သမားရဲ့ သူငယ်ချင်းကလည်း သူ့ကို ဘယ်လိုကြောင့် ချမ်းသာလာတာလဲ ဆိုပြီးလာမေးတယ်။

သစ်ခုတ်သမားဟာ ရိုးသားသူမို့ အကြောင်းစုံကို သူ့သူငယ်ချင်းကို ပြောပြလိုက်တယ်။ အဲဒီနောက်မှာတော့ အကြံသမား သူငယ်ချင်းက ပုဆိန်တလက် ဝယ်ပြီး မြစ်ဘေးကို သွားသတဲ့။

အကြံသမားဟာ သစ်ပင်ကို ခုတ်ဟန်ဆောင်ပြီး ပုဆိန်ကို ရေထဲ ပစ်ချလိုက်တယ်။ ပြီးတော့ ငိုချင်ယောင် ဆောင်နေလိုက်တယ်။ သူ့အကြံကို မသိတဲ့ မြစ်စောင့်နတ်က "အသင်လူသား အဘယ်ကြောင့် ငိုနေတာလဲ" ဆိုပြီး မေးတယ်။

အကြံသမားကလည်း သစ်ခုတ်သမားပြောသလို ပြောလိုက်တယ်။ မြစ်စောင့်နတ်ကလည်း ရွှေပုဆိန်ယူပြီး မေးလိုက်တယ်။ "ဒါ အသင့်ပုဆိန်လား" ဆိုပြီး မေးတယ်။ ထိုအခါ လောဘမွှန်နေတဲ့ သစ်ခုတ်သမားသူငယ်ချင်းက "ဟုတ်ပါတယ်" ဆိုပြီး ပြောလိုက်တယ်။

ထိုအခါ မြစ်စောင့်နတ်က "အသင်လူသားဟာ မုသားသုံးပြီး ပြောနေတာပဲ" ဆိုပြီး ရွှေပုဆိန်လဲ မပေးပဲ ပျောက်ကွယ်သွား ပါတယ်။

ထိုအခါ အကြံသမားဟာ ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်တို့ မရတဲ့အပြင် သူ့ပုဆိန်ကိုပါ ဆုံးရှုံးသွားတယ်။ ဒီပုံပြင်လေးကို ဖတ်ပြီး ရိုးသားမှုကို တန်ဖိုးထားတတ်ကြပါစေ။ phoomyatchal

Post a Comment

0 Comments