အဝေးပြေးလမ်းမကြီး တခုပေါ်တွင် မိန်းမပျိုတယောက် ကားတစီးကို ကိုယ်တိုင် မောင်းနှင်နေသည်။ သူမရဲ့ ဘေးထိုင်ခုံမှာတော့ သူမ၏အဖေ ထိုင်နေ၏။
သူမသည် ကားမောင်းလာခဲ့ရာ ခရီးအတော်ရောက်လာတော့ သူမတို့ သားအဖနှစ်ယောက် မုန်တိုင်းတခုထဲ ရောက်မှန်းမသိ ရောက်လာကြတယ်။ မိန်းကလေးက သူမအဖေကို မေးလိုက်တယ်။
"အခု ဘာလုပ်သင့်သလဲ ဖေဖေ"
"ကားကို ထိန်းမောင်း သမီး"
ဒီလိုနဲ့ သူမက ကားကို ထိန်းမောင်းရင်း မီတာအတော် ရောက်လာတော့ တခြားကားတွေ လမ်းဘေးမှာ ရပ်နားဖို့ ပြင်ဆင်နေတာကို တွေ့ရတယ်။ မုန်တိုင်းက အတော်လေး ဆိုးလာတာကိုး။
မိန်ကလေးလည်း အနည်းငယ် ကြောက်စိတ်ဝင်လာပြီး သူမအဖေကို ထပ်မေးတယ်။
"ဖေဖေ သမီးတို့လည်း လမ်းဘေးမှာ ရပ်နားရင် ကောင်းမယ်နဲ့ တူတယ်နော်"
"မရပ်နဲ့သမီး ကားကို ထိန်းမောင်းပါကွယ်"
မိန်းကလေးလည်း ကားကို ထိန်းသိမ်းမောင်းနှင်လာရာ မိုင်အတော်များများ ခရီးရောက်ခဲ့၏။ မုန်တိုင်းလည်း အတော်လေးပြင်းပြင်းထန်ထန် တိုက်နေ၏။ ကားအတော်များများ လမ်းဘေးမှာ ရပ်နားနေတာကို သူမကြည့်ရင်း ကားအရှိန် လျှော့လိုက်ပြီး
"ဖေဖေ အခုချိန်ဟာ ကားကိုလမ်းဘေးမှာ ရပ်နားဖို့သင့်ပြီလို့ ထင်တယ်။ မုန်တိုင်းက ပိုဆိုးလာပြီး ရှေ့မြင်ကွင်းကလည်း ဖုန်တွေနဲ့ လမ်းကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး" ဟု သူမ၏ အဖေကို ထပ်ပြောလိုက်သည်။
"မရပ်နဲ့သမီး ကားကို ထိန်းမောင်း ပါကွယ်"
သူမသည် သူမ၏အဖေ ပြောသလို ကားကို ဆက်လက် ထိန်းမောင်းခဲ့တယ်။ မုန်တိုင်းကလည်း ပို၍ပို၍ ဆိုးလာသလို သူမ ရှေ့ မြင်ကွင်းကို ကြည့်ပြီး ကားကိုထိန်းမောင်းရတာ ပိုမိုပြီး ခက်ခဲလာတယ်။
လမ်းဘေး လုံခြုံတဲ့နေရာမှာ ကားကို ရပ်လိုက်ပြီး နားနေရင် ကောင်းမယ်လို့ သူမ စဉ်းစားနေမိတယ်။ ဒါပေမယ့် သူမက ကားကိုဆက်လက်ပြီး ထိန်းမောင်းလာခဲ့တယ်။
ဒီလိုနဲ့ သူမက ဆိုးဝါးတဲ့ မုန်တိုင်းထဲမှာ ကားကို သတိကြီးစွာ ထိန်းမောင်းရင်း. သူမရှေ့ မြင်ကွင်းဟာ တဖြည်းဖြည်း ကြည်လင်လာတယ်။ အတော်လေး မောင်းမိတော့ သူမတို့ မုန်တိုင်း ကင်းလွတ်ပြီး ခြောက်သွေ့သာယာတဲ့ လမ်းမပေါ် ရောက်နေတာကို တွေ့ရတယ်။
အဲဒီအချိန်မှာ သူမရဲ့ အဖေကပြောတယ်။ "သမီးရေ ကားကို လမ်းဘေးချ ရပ်ပြီး အပြင်ထွက် ကြရအောင်"
"ဘာလို့လဲဖေဖေ၊ သမီးတို့ မုန်တိုင်းထဲက လွတ်လာပြီလေ" ဆိုတော့ သူမရဲ့ အဖေက ပြုံးပြီး အခုလို ပြန်ပြောတယ်။
"သမီးရေ စောစောက လမ်းဘေးမှာ ရပ်ထားခဲ့တဲ့ ကားတွေဟာ အခုချိန်ထိ မုန်တိုင်းထဲမှာ ပိတ်မိရုန်းကန် နေကြရသေးတာကို သမီးကားထဲကနေ အပြင်ထွက်ကြည့်တဲ့အခါ တွေ့လိမ့်မယ်။
အဲဒီလိုပဲ သမီးရဲ့ ဘဝမှာလည်း မုန်တိုင်းလိုမျိုး ဆိုးဝါးတဲ့ အခက်အခဲတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့ သမီး။ ရှေ့ဆက်သွားပါ။ အခုလို မုန်တိုင်းကို ဖြတ်ကျော်ခဲ့သလိုမျိုးပေါ့ကွယ်"
ဘဝခရီးလမ်း တလျှောက်မှာ စိတ်ဖိစီးမှုတွေ စိတ်ပျက်အားငယ်စရာ အတွေ့အကြုံတွေ၊ တွေ့ကြရမှာ အသေအချာပါပဲ။ ဘဝရဲ့ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်နေစဉ်မှာ လူအများစုက စိတ်ပျက် အားလျှော့တတ် ကြပါတယ်။
မုန်တိုင်းထဲမှာ ပိတ်မိခံပြီး ရပ်နားနေတဲ့ ကားတွေလိုပဲ ရုန်းမထွက်နိုင်ကြတော့ အချိန်အကြာကြီး ပိုမိုခက်ခဲစွာ ရုန်းကန်နေကြရတယ်။
အခက်အခဲတွေကို အရှုံးမပေးပဲ ရုန်းကန် ဖောက်ထွက်ခြင်းဟာ အောင်မြင်မှု တံခါးကို ဖွင့်တဲ့သော့တခု ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းမှာ အောင်မြင်မှုတံခါးကို ဖွင့်လှစ်တဲ့ သော့တချောင်းစီ ပါကြပါတယ်။
အဲ့ဒါကတော့ ခက်ခဲတဲ့ အချိန်တွေကို တည် တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဖောက်ထွက်တဲ့ နည်းပါပဲ။ ကိုယ်က ကြိုးစားရုန်းကန်နေသ၍ အောင်မြင်မှု တံခါးဆီကို တရွေ့ရွေ့ ချဉ်းကပ်နေတာပါ။ ကြိုးစားမှု အားထုတ်မှု ရပ်တန့်လိုက်မှသာ ရှုံးနိမ့်သွားတာပါ။ crd
0 Comments