ပင်လယ်ကြီးလို ရှင်သန်နေထိုင်ပါ

ကလေးလေးတယောက် ပင်လယ်အရောက်မှာ လှိုင်းခတ်သွားတာကြောင့် ဖိနပ်ပျောက်၍ သွားသောအခါ "ပင်လယ်ဟာသူခိုး" လို့ သဲပြင်မှာ ရေးပြီး သူစွပ်စွဲတယ်။

တံငါသည်လင်မယား ငါးများစွာရတဲ့ တနေ့မှာပေါ့။ "ပင်လယ်ဟာကျေးဇူးရှင်" ပါလို့ သဲပြင်မှာ ရေးပြီး ကျေးဇူးတင်တယ်။

လူငယ်တယောက် ပင်လယ်ရောက်ပြီး လှိုင်းရေတွေကြား နစ်မြုပ် သေဆုံးသွားသောအခါ သူ့အမေက "ပင်လယ်ဟာ လူသတ်သမား" ပါလို့ သဲပြင်ထက်မှာ သူရေးခဲ့တယ်။

မရှိဆင်းရဲသားတယောက် ပင်လယ်အောက်မှ အဖိုးတန်တဲ့ ပုလဲကို ကောက်ရတဲ့အခိုက်မှာ "ပင်လယ်ဟာ တန်ခိုးရှင်" လို့ သဲပြင်ထက်မှာ တင်စားရေးခဲ့တယ်။

သူတို့ရေးထားသမျှ စာအားလုံးက သိပ်မကြာခင်မှာပဲ လှိုင်းရေတွေရဲ့ ပုတ်ခတ်မှုကြာင့် သူ့အလိုလို ပျောက်ပျက်ခဲ့ရတယ်။

ပင်လယ်က သူ့ကိုဘယ်သူတွေ ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင် ဘယ်လိုပဲတွေးတွေး ဘယ်လိုပဲရေးရေး ပင်လယ်က ပင်လယ်ပါပဲ။

သူ့တာဝန် သူ့သဘာဝအရ ပြောင်းလဲ လည်ပတ်နေတာက လွဲလို့ သူ့အတွက် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။

လူ့လောကမှာလည်း ဒီလိုပါပဲ။ အကောင်းနေမလား အဆိုးနေမလား၊ ဝမ်းနည်းနေမလား ဝမ်းသာနေမလား၊ အဆိုးလုပ်မလား အကောင်းလုပ်မလား။

ဘယ်လိုပဲနေနေ ဘာတွေပဲ လုပ်လုပ် လူတွေရဲ့ နှုတ်ဖျားက စကားတခွန်းနဲ့ လွတ်ကင်းသွားတယ်လို့ မရှိပါဘူး။ အမြဲတမ်းဝေဖန်ပုပ်ချ ခံနေရမှာပဲလေ။

ကြိုက်သူက အကောင်းပြောမယ်၊ မကြိုက်သူက မကောင်းပြောမယ်။ လူအားလုံးရဲ့ စကားကို လိုက်ပြီး ခံစားမနေပါနဲ့။

ဘယ်လောက်ထိ နားကျည်းစရာတွေနဲ့ ကြုံနေပါစေ အချိန်တန်တော့လည်း အရာတိုင်းဟာ သူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားကြတာမို့ ပင်လယ်လိုပဲ နေလိုက်ပါ။ Crd

Post a Comment

0 Comments