အဖိုးနည်းပေမယ့် စေတနာကပို

ဟိုးရှေးရှေးတုန်းကပေါ့။ သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်လောက်ကပေါ့။ လင်္ကာဒီပနိုင်ငံမှာ သာသနာစည်ပင်ပြီး တနိုင်ငံလုံး ကုသိုလ်ကောင်းမှု ပြုနေတဲ့ကာလပေါ့။

လင်္ကာဒီပနိုင်ငံ မင်းနေပြည်တော် အနုရာဓမြို့အနီးမှာ ဥတ္တရောဆိုတဲ့ ရေကန်ကြီးတကန် ရှိသတဲ့။ ထိုကန်အနီးမှာ ဆင်းရဲသားတို့ နေထိုင်တဲ့ ရွာတရွာရှိသတဲ့။ သူများနွားတွေကို အငှါး နွားကျောင်းပေးရတဲ့ သူတွေနေတဲ့ ရွာပေါ့။

အဲဒီရွာမှာ ဆင်းရဲသား သားအမိနှစ်ယောက် ရှိသတဲ့ကွယ်။ မိခင်အိုကြီးကို သားက အငှားနွားကျောင်းပြီး ရှာဖွေကျွေးမွေးနေသတဲ့။ နွားကျောင်းသားလေးဟာ ဘဝကြမ်းကြမ်းမှာ လျှောက်လှမ်းနေရသူ ဖြစ်တော့ ရုပ်ကလည်း ခပ်ကြမ်းကြမ်း ဆိုပါ တော့။

တနေ့တော့ သားဖြစ်သူ နွားကျောင်းသွားခါနီးမှာ မိခင်ကိုကြီးက သာစားဖို့ ပိန်းဥပြုတ်တွေကို အထုပ်နဲ့ထုပ်ပြီး ပေးလိုက်သတဲ့။ "လူလေး ပင်ပန်းလွန်းလို့ အစာဆာရင် ထမင်းအစား ပိန်းဥပြုတ်တွေ စားလိုက်ပါ သားရယ်"

အမေအိုကြီးက နွားကျောင်းထွက်မည့် သားကို နေ့လည်စာ ပိန်းဥပြုတ်ထုပ်ကို ပေးတော့ သားကယူပြီး နွားတွေနဲ့အတူ ရွာကထွက်လာခဲ့တော့တယ်။ နွားကို နှင်တံနဲ့ တို့ပြီး မောင်းလာရာ ရွာအပြင်ဘက် လှည်းလမ်းအတိုင်း နွားမောင်းလာသတဲ့။

လှည်းလမ်းကြောင်းဖြစ်လို့ ဖုန်တထောင်းထောင်း ထနေတာပေါ့။ ဖုန်ထူတော့ ရှေ့ကိုတောင် ဝေးဝေး မမြင်ရဘူး။ လှည်းကြောင်းရှေ့မှာ ဆွမ်းခံကြွလာတဲ့ ရဟန်းတပါး ရှိနေသတဲ့။

ရဟန်းက နွားအုပ်ကိုလွတ်အောင် လမ်းဘေးဆင်းပြီး ရှောင်ပေးလို့ ရပ်နေသတဲ့ကွယ်။ နွားအုပ်လွန်တော့မှ ရဟန်းက လမ်းပေါ်တက်ပြီး ဘက်ကို ကြွလာကာပေါ့။ သည်တော့မှ နွားကျောင်းသားက ရဟန်းကိုမြင်ပြီး ကြည်ညိုစိတ်နဲ့ ဒူးတုပ်ရိုကျိုး ရှိခိုးလိုက်သတဲ့။

ပြီးတော့ သဒ္ဓါပေါက်လို့ မိခင်ကြီး ထည့်ပေးလိုက်တဲ့ ပိန်းဥပြုတ်ကို ရဟန်းရဲ့ သပိတ်ထဲကို လောင်းလှူကုဘိုလ် ယူလိုက်သတဲ့ကွယ်။ "ယနေ့အဖို့ ငါအစာငတ်လျှင် ရှိစေတော့ ကြည်ညိုသဒ္ဓါမပြတ် လှူရတာ အမြတ်ပါပဲ"

နွားကျောင်းသားဟာ သူ့ရဲ့အလှူ၊ ပိန်းဥပြုတ်အတွက် ပီတိဖြစ်နေမိတာပေါ့။ အဲဒီမြင်ကွင်းကို ရဟန်းတော်က သတိပြုမိတယ်။

"ဤသူငယ်မှာ အသွင်ကြမ်းတမ်းသလောက် စိတ်ထားနူးညံ့လိုက်တာ။ တကယ်တော့ ဆင်းရဲလွန်းပေစွ။ သူ့အတွက်အစာကို မစားရက်ဘဲ စေတနာထက်သန်စွာနဲ့ ငါ့အား လှူပေ၏။ ငါသည် သူ၏ ကြီးမားလှသော သဒ်ဓါတရားကို အကျိုးထင်ထင် ချီးမြှောက်ပေအံ့။ သူလှူအပ်သော ပစ္စည်းဟာ တန်ဖိုးနည်းပေမယ့် သူ့စေတနာ သဒ္ဒါတရားက တန်ဖိုးကြီးပေစွ။ ငါ့တရားနဲ့ ချီး မြှောက်မှ"

ရဟန်းဟာ လှည်းလမ်းကြောင်းပေါ်မှာ ရပ်ပြီး နွားကျောင်းသားရဲ့ ကန်တော့ကိုခံပြီး နေရာမရွှေ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာသုံးပါးဝင်အောင် ဆင်ခြင်ရှုပွား လိုက်တဲ့အခါမှာ အသဝေါကင်းကွာပြီး ထိုနေရာမှာပင် ရဟန္တာ ဖြစ်သတဲ့ကွယ်။

အဲဒီလို နွားကျောင်းသားဟာ လှူဒါန်းမှုပြုပြီး အသက်ထက်ဆုံး အလှူကို ပီတိဖြစ်လျက်က အရွယ်ရလာတော့ ကွယ်လွန်သွားသတဲ့။ စေတနာသုံးတန် ပြဋ္ဌာန်းပြီး မိမိအတွက် ပိန်းဥပြုတ်ကိုမစားဘဲ အရှင်သူမြတ်ကို လှူခဲ့တဲ့ ကုသိုလ်ကြောင့် အလွန်ရခဲတဲ့ လူ့ဘဝကို တဖန်ပြန်ရပြီး အဲဒီရွာက အမျိုးသမီးရဲ့ဝမ်းမှာ သန္ဓေ တည်ခဲ့သတဲ့။

မိခင်ဝမ်းမှာ လေးငါးလကြာတော့ သူတို့ရွာက အထူးအဆန်းတခု ပေါ်လာသတဲ့။ ရေကန်ကြီးအလယ်မှာ အရောင်တဝင်းဝင်းနဲ့ ရွှေအိုးကြီးတလုံး ပေါ်လာသတဲ့။

ရွှေအိုးကြီးဟာ သက်ရှိသတ္တဝါ လှုပ်ရှားနေသလို ရေကန်တွင်းမှာ သွားလာနေလိုက်၊ ကမ်းကပ်လိုက် ခွာလိုက် ဖြစ်နေတော့တာပေါ့။ ရွှေအိုးဟာ ရေလယ်ကောင်မှာ ကမ်းဘက်ကို ရောက်လာတော့ ကမ်းပေါ်ကလူတွေဟာ ရွှေတွေကို တပ်မက်ပြီး လှမ်းယူဖို့ ဆယ်ဖို့ ဟန်ပြင်ကြတာပေါ့။ အဲဒီလိုလက်နဲ့ လှမ်းလိုက်တာနဲ့ ယူမဲ့လက် ရိုက်ချသလိုဖြစ်ပြီး ရွှေအိုးကို မယူနိုင် ဖြစ်နေကြတာပေါ့။

အဲဒီလို ဖြစ်နေတော့ မိန်းမတဦးက ရေထဲဆင်းပြီး ရွှေအိုးကို လက်နဲ့ လှမ်းဆွဲလိုက်တဲ့အခါမှာ လက်ဟာ ရွှေအိုးမှာ ကပ်နေတာ လှုပ်လို့မရ ဖြစ်တဲ့အပြင် ရွှေအိုး ရေလယ်ရွေ့သွားတော့ လူက ပါသွားတာပေါ့။

"ဟဲ့သူငယ်မ နင်နဲ့ မထိုက်လို့ ရွှေအိုးကို လက်ကပ်နေတာ နှင့်မှာပါလာတဲ့ ရွှေနဲ့ ပဝါကို ရွှေအိုးထဲ လှမ်းထည့်လိုက်။ ဒါမှ နင့်လက် ခွာလို့ရမယ်"

သဘာဝကို နားလည်တဲ့ အဘိုးအိုတယောက် အော်တော့မှ ရွှေအိုးကို လှမ်းဆွဲတဲ့ မိန်းမငယ်ဟာ လည်ပင်းက ဆွဲကြိုးနဲ့ ကိုယ်မှာဝတ်လာတဲ့ ပဝါကို အိုးထဲ လှမ်းထည့်လိုက်တော့ ရေအိုးနဲ့လက်ကွာပြီး၊ မိန်းမပျိုဟာ ကမ်ပေါ်ပြန်တက်လာလို့ ရသွားသတဲ့။

အဲဒီလိုဖြစ်နေချိန်မှာ ကလေးတယောက် လက်ဆွဲပြီး ရေကန်နား ရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ အခြေအနေကိုကြည့်ပြီး အဓိဋ္ဌာန် ဝင်လိုက်သတဲ့။

"ကျနော်မျိုးမရဲ့ သားကြီးနဲ့ တိုက်တန်ရင် ကုသိုလ်ပြုဖို့ ကမ်းကပ်လာပါ"

အဲဒီလို အဓိဋ္ဌာန်ဝင်ပေမယ့် ရွှေအိုးက ရေလယ်မှာ။ ကိုယ်ဝန်သည်က အားမလျှော့ဘဲ ထပ်၍ အဓိဋ္ဌာန်ဝင်ပြန်သတဲ့။

"ကျမဝမ်းတွင်းက သန္ဓသေားနဲ့ ကုသိုလ်ပြုရန် ထိုက်တန်လျှင် ရွှေအိုးသည် ကျွန်မထံ လာပါစေသား"

ကိုယ်ဝန်သည်မိန်းမရဲ့ အဓိဋ္ဌာန်အပြီးမှာ ရေလယ်မှာရှိတဲ့ ရွှေအိုးဟာ အမျိုးသမီးရှိရာကို ရေသတ္တဝါ ရေကူးလာသလို ကမ်းကပ်လာသတဲ့။ ကိုယ်ဝန်သည်အမျိုးသမီး ကမ်းကပ်လာတဲ့ ရွှေအိုးကို သယ်ယူမယ်လုပ်တော့ အိုးထဲက ရွှေတွေက များတော့ လေးနေတာပေါ့။

သည်တော့ ကိုယ်ဝန်သည်က "လှူဒါန်းဖို့ ကုသိုလ်ရဖို့ ဖြစ်ပေမယ့် ကျနော်မျိုးမ မမနိုင်ပါ။ ထိုက်တန်တယ်ဆိုရင် သင့်တင့်သော နေရာမှ တည်ပါစေသား"

ကိုယ်ဝန်သည်မိန်းမရဲ့ စကားအဆုံးမှာ ရွှေအိုးက မြင်ကွင်းထဲက ပျောက်သွားပြီး ကိုယ်ဝန်သည် အမျိုးသမီးရဲ့ အိမ်ကသင့်တင့်တဲ့နေရာမှာ ရောက်သွားသတဲ့ကွယ်။ တကယ်တော့ ပိန်းဥပြုတ်ကို လှူခဲ့သော နွားကျောင်းသား လူဝင်စားက အဲဒီအမျိုးသမီးရဲ့ ဝမ်းထဲကို ရောက်နေပြီလေ။

ယခင်ဘဝက လှူခဲ့တဲ့ အကျိုးဆက်ဟာ လူမဖြစ်မီသန္ဓသေား ဘဝမှာကတည်းက တန်ပြန်အကျိုးထူးရနေပြီလေ။ မကြာမီကာလမှာ ကိုယ်ဝန်သည်မိန်းမဟာ သန္ဓသေားကို ဖွားမြင်တယ်။ ပိန်းဥအလှူရှင် နွားကျောင်းသားဟာ လူဝင်စားအဖြစ်နဲ့ အမျိုးသမီးရဲ့ သားငယ်ဖြစ်ရပြီလေ။

ထူးဆန်းတာက ရွှေအိုးထဲက ရွှေတွေဟာ မွေးတဲ့သားငယ်အတွက်သာ ထုတ်သုံးလို့ ရသတဲ့။ တခြားကိစ္စတွေမှာ သုံးလို့ယူလို့ မရဘူးပေါ့။ အရွယ်ရလာတဲ့ နွားကျောင်းသား လူဝင်စားကို ကိုရင်ဝတ်ပေးသတဲ့။ အဲဒီအလှူမှာ ရွှေအိုးထဲက ရွှေတွေကို သုံးလို့ရတော့ အလှူက ကြီးကျယ်ခန့်ငြားလှတာပေါ့။

အလှူသတင်းဟာ ရွာမှတဆင့် ဘုရင့်ထံကြားတော့ ထူးခြားမှုကို ဘုရင်ကိုယ်တိုင် လာကြည့်သတဲ့။ ရှင်ပြုတဲ့ပွဲမှာ ဘုရင်ကိုယ်တိုင် ကြွရောက်အားပေးသလို ဖြစ်တော့ ခြိမ့်ခြိမ့်သဲ စည်ကားတာပေါ့။

ဘုရင်ကလည်း နွားကျောင်းသား လူဝင်စားရဲ့ အတိတ်က အလှူအကျိုးပေးတာကို သိနေပြီးတော့ သာဓုခေါ်ကာ သူတို့သားအမိ ဂုဏ်ရှိန်ကြောင့် ရွာစားအဖြစ် ပေးသနား ချီးမြှင့်ခဲ့သတဲ့။ နွားကျောင်းသား လူဝင်စားရဲ့ မိခင်ကလည်း အလှူကုသိုလ်များကို အလိုရှိတိုင်း ပြုမူတော့သတဲ့ကွယ်။

အလှူပေးသူဟာ ဘုရားသားတော်ရဟန်းကို ယုံယုံ ကြည်ကြည် လှူဒါန်းမှု ပြုခဲ့တယ်။ ပိန်းဥပြုတ်က တန်ဖိုးနည်းပေမယ့် စေတနာက ဖြိုးဝေစွာ ဦးစားပေးလှူခဲ့တယ်။ ထိုလှူခဲ့တဲ့ အကျိုးကြောင့် လူ့ဘဝကို ပြန်ရခဲ့ပြီး သန္ဓေသားဘဝမှာပင် ကောင်းမှုကုသိုလ် အကျိုးဆက်ကို ရရှိနိုင်ခဲ့သည်ကို အသိအမြင် ရကြ၍ အလှူဒါနလက်နဲ့မကွာ ပြုကြပါလေ။ (ဥတ္တရောဠိယဝတ္ထု) phoomyatchal

Post a Comment

0 Comments