လွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ်အခါကပေါ့။ ဘုရားလောင်းဟာ မြင်းမျိုးမှာ ဝင်စားသတဲ့။
ဘောဇာဇာနီယ သိန္ဓောမြင်းမျိုး ဖြစ်သတဲ့၊ ဘုရင်မင်းကြီးရဲ့ မြင်းတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြင်းကြီးပေါ့။ သူ့ကို သူရဲကောင်းတို့ စီးပြီး တိုက်ပွဲအောင်မြင်လေ့ ရှိသတဲ့ကွယ်။
တနေ့တော့ ခုနှစ်ပြည်ထောင်မင်း ခုနှစ်ပါးက ဗြဟ္မဒတ်မင်းကြီးရဲ့ မြို့တော်ကို ဝိုင်းရံ ပိတ်ဆို့ထားတယ်။
"ငါတို့အား ထီးနန်းစည်းစိမ် ပေးအပ်မလား၊ စစ်မက်ပြိုင်ဆိုင်ခြင်း ပြုမည်လော"
"ရာရာစစ ဘယ်တော့မှ ထီးနန်း လွှဲမပေးဘူး။ ငါ့တပ်မှာ သူရဲကောင်းတွေ အများကြီး ရှိတယ်။ ယှဉ်ကြတာပေါ့"
ဘုရင်ကြီးက ယှဉ်ပြိုင်ဖို့ စစ်ကို စိန်ခေါ်ပြီးတဲ့နောက် သူ့တပ်ကို စစ်ပွဲဝင်ဖို့ စီမံခန့်ခွဲပါတယ်။ သူရဲကောင်းတယောက်ကို ဝိုင်းရံတဲ့ တပ်တွေကို ထိုးဖောက်ဖို့ တာဝန်ပေး ရွေးချယ်လိုက်တယ်။ သူရဲကောင်းကလည်း သူနဲ့အတူ တိုက်ပွဲဝင်ဖို့ "ဘောဇဇနီယ" မြင်းကို ရွေးချယ်လိုက်သတဲ့။
တိုက်ပွဲ စတင်ဖြစ်တော့ သူရွေးထားတဲ့ သိန္ဓောမြင်းနဲ့ ရန်သူ့တပ်ကို ထိုးဖောက်လိုက်တော့ ပထမတပ်က ပြိုကွဲသွားပြီး မင်းတပါးကို လက်ရဖမ်းမိသတဲ့။
နောက်ထပ်တတပ်ကို ထိုးဖောက်တိုက်ခိုက်ပြန်တော့ သိန္ဓောမြင်းရဲ့ အစွမ်းနဲ့ သူရဲကောင်းရဲ့ တိုက်ခိုက်မှုကြောင့် ဒုတိယတပ် ပြိုကွဲပြီး မင်းတပါး ဖမ်းမိပြန်သတဲ့။
အဲဒီလိုနဲ့ တတိယ၊ စတုတ္ထ၊ ပဉ္စမတပ်များကို မြင်းနဲ့အတူ တိုက်ခိုက်ထိုးဖောက်ပြီး သက်ဆိုင်ရာတပ်ရဲ့ မင်းတပါးစီကို ဖမ်းမိခဲ့သတဲ့။
ဆဋ္ဌမမြောက်တပ်ကို ဝင်ရောက်ထိုးဖောက်ရာမှာ မြင်းအာဇာနည် ဘောဇာဇာနီယသိမြင်းဟာ မြားဒဏ်ရာ ထိပြီး ဒဏ်ရာရသွားသတဲ့။ သို့သော် ဆဋ္ဌမမြောက်မင်းကိုတော့ လက်ရဖမ်းမိခဲ့သတဲ့။
နောက်ဆုံးကျန်တဲ့ သတ္တမမြောက်မင်းကို ဖမ်းဖို့ စီစဉ်တော့ မြင်းစီးသူရဲကောင်းက မြင်းအာဇာနည် ဘောဇာဇာနီယသိန္ဓောမြင်းရဲ့ ချပ်ဝတ်တန်ဆာတွေကို ယူပြီး အခြားမြင်းတကောင်နဲ့ တိုက်ခိုက်ဖို့ ပြင်သတဲ့။
"အချင်း မြင်းစီးသူရဲကောင်း သတ္တမမြောက်မင်းကို ဖမ်းဖို့ ငါသာ စွမ်းနိုင်ပါတယ်။ ငါ့ရဲ့ ချပ်ဝတ်တန်ဆာတွေ ပြန်ဝတ်ပေးပါ။ အသက်ပေးပြီး တာဝန် ကျေပွန်စေပါ့မယ်"
ထို့ကြောင့် မြင်းစီးသူရဲကောင်းဟာ ဘောဇာဇာနီယ သိန္ဓောမြင်းပေါ်ကို ချပ်ဝတ်တန်ဆာတွေ ပြန်ဆင်ပေးပြီး သတ္တမမြောက်ဘုရင်ကို ဖမ်းဖို့ တပ်ကို ထိုးဖောက်ဝင်ရောက် လိုက်တယ်။
နောက်ဆုံးတော့ သူရဲကောင်းနဲ့ ဘောဇာဇာနီယ သိန္ဓောမြင်းတို့ဟာ တိုက်ပွဲမှာ သတ္တမမြောက်ဘုရင်ကို လက်ရဖမ်းဆီး နိုင်ခဲ့ပြန်သတဲ့။
ဘောဇာဇာနီယ သိန္ဓောမြင်းကတော့ ဒဏ်ရာပြင်းထန်စွာနဲ့ တိုက်ပွဲဝင်ခဲ့ရာက ယခုဆိုလျှင် အသက်ငင်နေသလို ဖြစ်နေပြီပေါ့။ ဘုရင်ကြီးက အာဇာနည်မြင်းကို နှစ်သိမ့်ဖို့ အနားရောက်လာတော့တာပေါ့။ "ချစ်သား နေသာသလို နေပါ"
အာဇာနည်မြင်းက "အရှင်မင်းကြီး ခုနှစ်ပြည်ထောင်မင်းတွေကို ဖမ်းပေးတဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ သုံ့ပန်းဖြစ်တဲ့ မင်းတွေကို မသတ်ပါနဲ့၊ သစ္စာရေ တိုက်ပြီး သစ္စာခံလို့ ပြန်လွှတ်ပေးလိုက်ပါ" လို့ တောင်းဆိုပါတယ်။
ဘုရင်ကြီးက မြင်းအာဇာနည်ရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုက်တယ်။ မြင်းအာဇာနည်ရဲ့ ချပ်ဝတ်တန်ဆာတွေကို ချွတ်ပေးလိုက်တဲ့ ခဏမှာ မြင်းအာဇာနည်ဟာ အသက်ကုန်သွားရပြီလေ။ အာဇာနည်တို့ မည်သည် ပေးအပ်သော တာဝန်ကို အသက်ထက် အသက်စွန့်လို့ တာဝန်ယူနိုင်ခဲ့ကြတာပေါ့လေ။
ဘောဇာနီယဇာတ်။ phoomyatchal ကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။
0 Comments