လှေရယ် အာဇာနည်မြင်းရယ် လူရယ်

လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ။ ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

တခါက တနေ့ကို မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တကောင်ရှိတယ်။ သူ့ရဲ့အရည်အချင်းကို ဖော်ထုတ်ပြသဖို့အခွင့်အရေးကို စောင့်နေတယ်။ ကုန်သည် ရောက်လာတယ်၊ မြင်းကို မေးတယ်။

"မင်းငါနဲ့လိုက်နိုင်မလား" မြင်းကခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ မိုင်တထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ"

စစ်သားရောက်လာတယ်၊ မြင်းကို မေးတယ်။ "မင်း ငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ သာမာန်စစ်သားတယောက် နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ"

မုဆိုးရောက်လာတယ်၊ မြင်းကို မေးတယ်။ "မင်းငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ" ဒီလိုနဲ့ တနေ့ပြီးတနေ့ ကုန်ဆုံးသွားခဲ့တယ်။ မြင်းဟာ သူနဲ့တန်တဲ့ အလုပ်ကို ရှာမတွေ့သေးဘူး။

တနေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာလိုက်ရှာလေသည်။ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်။ "ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ"

စစ်သူကြီးက မေးတယ်။ "ဒါဆို မင်း ငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို သိလား" မြင်းက ခေါင်းခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။

"ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား စစ်ပွဲအတွေ့အကြုံ ရှိသလား" မြင်းက ခေါင်းထပ်ခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။

"ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား" မြင်းက ခေါင်းထပ်ခါတယ်၊ စစ်သူကြီးကပြောတယ်။

"ဒါဆို မင်းဘာအသုံးကျသေးသလဲ" မြင်းကပြောတယ်။ "ကျနော် နေ့ဘက်ဆို မိုင်တထောင်သွားနိုင်ပြီး ညဘက်ဆို မိုင်ရှစ်ရာ သွားနိုင်တယ်။ လေအဆန်မှာ အစုန်ထက်တောင်မှ.အပြေးမြန်သေးတယ်"

စစ်သူကြီးက မြင်းပေါ်ခွတက် စီးလိုက်တယ်။ မြင်းက အားစိုက်ပြီး တဟုန်ထိုး ပြေးလိုက်တယ်။ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲပြေးရသေးတယ် အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပြန်လာတယ်။

"မင်းအိုသွားပြီ မပြေးနိုင်တော့ဘူး" ဟု ဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်။

ဒီနေ့ သင်လုပ်တဲ့ ကိစ္စတခုစီတိုင်းဟာ သာမာန်ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တချိန်အတွက် အင်အားလေးတခုဆိုတာ သိထားပါ။

ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ။ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့။

လှေက ကမ်းမှာကပ်ထားရင်အန္တရာယ် အကင်းဆုံးပဲ။ ဒါပေမယ့် အဲဒါက လှေတည်ဆောက်ရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့က ကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ ဖြစ်သွားပြီ။

ဒါ့ကြောင့် အရေးကြီးတာက မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး။ ဒီနေ့ သင်ဘယ်သူလဲဆိုတာပါ။ ပိုပြီးအရေးကြီးတာက ဒီနေ့ သင်ဘာလုပ်သလဲ မနက်ဖြန် သင်ဘာဖြစ်မလဲ ဆိုတာပါ။ Crd

Post a Comment

0 Comments