ငါ့သားက ချမ်းသာပြီးသားပါ

တခါတုန်းက ဆင်းရဲတဲ့ မိသားစုတခုမှာ ၁၀ နှစ်အရွယ် သားလေးတယောက် ရှိသတဲ့။ တနေ့မှာ အဲဒီသားလေးက သူ့အဖေကို မေးတယ်။

"အဖေ သားကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲဟင်"

သူ့အဖေက တသက်လုံး ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ လုပ်လာခဲ့ပြီး အမြဲ ပိုက်ဆံမရှိတဲ့သူ ဆိုတော့ ဘယ်လိုဖြေရမလဲ မသိဘူးဖြစ်နေတယ်။ အဲဒါနဲ့ "သားရယ် မင်းက ခုကတည်းက ချမ်းသာပြီးသားပါကွာ" လို့ပဲ ဖြေလိုက်တယ်။

တနှစ်ကြာသွားတယ်။ သူတို့ မိသားစုလည်း ဆင်းရဲမြဲ ဆင်းရဲနေတုန်းပဲ။ သူ့သားလေးက အဖေက ထပ်မေးပြန်တယ်။

"အဖေ သားကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲ" ပေါ့။ သူ့အဖေကလည်း မဖြေတတ်တာမို့ "မင်းက ခုကတည်းက ချမ်းသာပြီးသားပါကွာ" လို့ပဲ ဖြေပြန်တယ်။

ဆယ်နှစ် ကြာသွားတယ်။ သူတို့မိသားစုက အရင်လိုပဲ။ ဆင်းရဲတုန်းပဲ။ ဒီအချိန်မှာတော့ သားလေးက အသက်လည်း ရလာသလို သူ့အဖေက သူ့ကို လိမ်ပြီး ဖြေနေတာပဲ ဆိုတာ နားလည်လာပြီ။

အဲဒါကြောင့် သူ့အဖေကို အဲဒီမေးခွန်း ထပ်မမေးတော့ဘူး။ သူကိုယ်တိုင်လည်း အလုပ် လုပ်ရမယ့်အချိန် ရောက်လာပြီလေ။ အဲဒါနဲ့ သူအလုပ် ထွက်ရှာတယ်။

အကြိမ်ပေါင်းများစွာ အငြင်းခံရပြီး နောက်ပိုင်းမှာ အလုပ်တခု ရဖို့မလွယ်မှန်း သူသိလာတယ်။ ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ သူလိုချင်တဲ့ အလုပ်ရဖို့ သူကြိုးစားတယ်။

တနှစ် အကြာမှာတော့ သူအလုပ်ရတယ်။ သူ အရမ်းပျော်တယ်။ အဲဒီအချိန်မှာ သူ့အဖေက သူ့ကို မေးတယ်။

"သား မင်းက အရင်ကတည်းက ချမ်းသာပြီးသား ဆိုတာ အခုယုံပြီလား"

အဲဒီလို အမေးခံရတော့ သားဖြစ်သူလည်း စိတ်ဆိုးသွားပြီး "ခင်ဗျား မဟုတ်တာတွေ ပြောမနေနဲ့၊ ကျနော့်ကို ကလေးမှတ်နေလား၊ ကျနော်တို့ ဆင်းရဲတာ ကျနော်သိတယ်" လို့ ပြန်ပြောလိုက်တယ်။

အဲဒါနဲ့ သူ့အဖေက "သား မင်း အလုပ်မရခင် တနှစ်လောက် ရုန်းကန်နေရတုန်းက မင်းဘာလို့ ဇွဲမလျှောတာလဲ" လို့ မေးတယ်။

သူက "အဖေ ကျနော်က ကြိုးစားနေရင် အနှေးနဲ့ အမြန် တချိန်ချိန်တော့ အလုပ်ရမှာပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော် ဆက်ကြိုးစားခဲ့တာ" လို့ ဖြေတယ်။

ထိုအခါ သူ့အဖေက "သား မင်းက ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို အားကိုးပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ ဇွဲကြီးတယ်။ ဒါတွေက ငွေနဲ့ ဝယ်လို့မရတဲ့ မင်းရဲ့ ကြွယ်ဝချမ်းသာမှုတွေပဲ။

ဒါကြောင့် မင်းကို အဖေက မင်းအရင်ကတည်းက ချမ်းသာပြီးသားပါလို့ အမြဲပြောခဲ့တာပေါ့။ ငါ့သား မင်းက ချမ်းသာပြီးသားပါကွာ" phoomyatchal

Post a Comment

0 Comments