ဖားနှင့်ကြွက်

ဟိုးရှေးရှေးတုန်းကပေါ့။ ကြွက်တကောင်နဲ့ ဖားတကောင် ရှိကြသတဲ့။ သူတို့ နှစ်ကောင်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြသတဲ့။ ကြွက်နဲ့ဖားကို မောင်ကြွက်နဲ့ မောင်ဖားလို့ ခေါ်ကြရအောင်။ မောင်ဖားက ရေကန် တကန်မှာ နေတာပေါ့။

မောင်ဖားရဲ့ သူငယ်ချင်း မောင်ကြွက်ကတော့ သစ်ပင်တပင်အောက်က တွင်းလေးတတွင်းထဲမှာ နေသတဲ့။ မောင်ဖားက မနက်တိုင်း မနက်တိုင်း သူ့သူငယ်ချင်း မောင်ကြွက်ဆီကို အလည်သွားလေ့ ရှိတယ်။

မောင်ဖားက နေ့လည်ခင်းလောက် ရောက်မှ သူ့နေရာသူ ပြန်လာလေ့ ရှိတယ်။ မောင်ကြွက်ကတော့ သူ့သူငယ်ချင်း မောင်ဖားက အဲဒီလို နေ့တိုင်း သူ့ဆီကို အလည်လာတဲ့အတွက် ကျေနပ် ပျော်ရွှင်နေတယ်။

အဲဒီလိုနဲ့ မောင်ဖားရဲ့ စိတ်ထဲမှာ တခု တွေးမိလာတယ်။ "ငါကပဲ အမြဲတမ်း နေ့စဉ် နေ့တိုင်း မောင်ကြွက်ရှိတဲ့ ဆီကို အလည်လာရတယ်။ မောက်ကြွက်ကတော့ ငါရှိတဲ့ဆီကို တခါမှ အလည်မလာဖူးဘူး" လို့ တွေးမိသွားသတဲ့။

မောင်ဖားရဲ့ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတာပေါ့။ သူကပဲ မောက်ကြွက်ရှိတဲ့ဆီကို အမြဲတမ်း အလည်လာနေရတော့ မောင်ဖားရဲ့ စိတ်ထဲမှာ အောက်ကျသလို အားမရသလို သိမ်ငယ်သလို ခံစားလာရပြီး ကြွက်အပေါ် မကျေမနပ်ဖြစ်လာသတဲ့။

ဒီလိုနဲ့ဘဲ သူတို့နှစ်ဦးဟာ တဖြည်းဖြည်း စိမ်းကားလာပြီး မသိမသာနဲ့ ရန်သူတွေ အဖြစ်ကို ပြောင်းသွားကြတယ်။

တနေ့မှာတော့ မောင်ဖားဟာ အခုလို သူကဘဲ အမြဲအလည်လာနေရလို့ မောင်ကြွက်ကိုလည်း သူ့နေတဲ့ သူ့ရဲ့ရေကန်ကို မရ ရအောင် ခေါ်မယ် ဆိုပြီးတော့ ကြိုးတချောင်းနဲ့ မောင်ကြွက်ရဲ့ အမြှီးကို တိတ်တိတ်လေး ချည်လိုက်တယ်။ ကျန်တဲ့ ကြိုးတဖက်စွန်းကိုတော့ သူ့ခြေထောက်မှာ ချည်လိုက်တယ်။

အဲဒီလိုချည်ပြီးတော့ ကဆုန်ပေါက်ပြီး ပြေးပါလေရော။ မောင်ဖားက ဖားဆိုတော့ ခုန်ဆွ ခုန်ဆွ ပြေးမှာပေါ့။ မောင်ကြွက်ဟာ မောင်ဖားရဲ့ နောက်ကနေ ဒရွတ်တိုက်ပြီး ပါသွားပါလေရော။ မောင်ဖားဟာ သူ့နေရာဖြစ်တဲ့ ရေကန်ထဲ ရောက်တော့ ရေရဲ့ ဟိုးအောက်နက်နက်ထဲထိ ဆင်းသွားသတဲ့။

ကြွက်က ရေထဲမှာ နေလို့ မရဘူးလေ။ မောင်ကြွက်ဟာ လွတ်မြောက်အောင် ကြိုးစားပေမဲ့ အရာမရောက်ဖူးပေါ့။ မကြာခင်မှာဘဲ မောင်ကြွက်ဟာ ရေမွန်းပြီး သေသွားတယ်။ မောင်ကြွက်ရဲ့ ခန္ဓာကိုယ် ဖောင်းဖောင်းကြီးဟာ ရေပေါ်မှာ ပေါလောမျောနေတာပေါ့။

အဲဒီအချိန်မှာ သိန်းငှက်တကောင်က ရေပေါ်မှာ ပေါလောမျောနေတဲ့ မောင်ကြွက်ကို မြင်သွားတယ်။ သိန်းငှက်ကြီးဟာ ရေထဲကို ထိုးဆင်းသွားပြီး မောင်ကြွက်ကို ထိုးချည်လိုက်တယ်။ မောင်ကြွက်ကို ထိုးချီလာပြီး ရေကန်ရဲ့ အနီးနားက သစ်ပင်တပင်ဆီ ဦးတည် ပျံသန်းသွားတာပေါ့။

သိန်းငှက်ကြီးက မောင်ကြွက်ကို ထိုးချီလာတယ် ဆိုပေမဲ့လည်း မောင်ကြွက်ရဲ့ အမြီးနဲ့ တွဲချည်ထားထားတဲ့ မောင်ဖားလည်း တခါတည်း ပါလာတာပေါ့။

မောင်ဖားဟာလည်း သိန်းငှက်ကြီးရဲ့ ရန်က လွတ်မြောက်အောင် ကြိုးစားတာပေါ့။ ဒါပေမဲ့ ဘယ်လိုမှ ရုန်းထွက်လို့ မရဘူး ဖြစ်နေသတဲ့ကွယ်။

သိန်းငှက်ကြီးဟာ မောင်ကြွက်ရော မောင်ဖားရော နှစ်ကောင်လုံးကို ထိုးသုတ်ပြီး စားပစ်လိုက်သတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

အာဖရိကမှာ စကားပုံလေး တခုရှိတယ် စာကားပုံလေးက "ရန်သူကို တွန်းချဖို့ တွင်းအနက်ကြီး မတူးပါနဲ့။ အဲဒီတွင်းနက်ကြီးထဲကို သင်ကိုယ်တိုင် ချော်ကျသွားလိမ့်မယ် "တဲ့။ phoomyatchal

Post a Comment

0 Comments