ပိုင်ဆိုင်မှုတန်ဖိုးတွေကို မမေ့နဲ့

(၁) အမေရိကန်ရဲ့ ၃၄ ယောက်မြောက် သမ္မတ Harry S. Truman (၁၈၈၄-၁၉၇၂) သမ္မတအဖြစ် ရွေးချယ် ချီးမြောက်ခံရတော့ သတင်းထောက်တွေက သူ့မိခင်ကို သွားရောက် မေးမြန်းခဲ့ကြတယ်။

"ဒီလိုသားမျိုး ရှိတဲ့အတွက် ခင်ဗျား ဂုဏ်ယူဝင့်ကြွားမိမှာပဲနော်"

"ဟုတ်ပါတယ် ကျမ ဂုဏ်ယူဝင့်ကြွားဖို့ နောက်သားတယောက် ရှိပါသေးတယ်။ အဲဒီသားက အခု လယ်ထဲမှာ အာလူးတူးနေတဲ့ တယောက်ပါပဲ" တဲ့။

မိခင်တိုင်းရဲ့ ရင်ထဲမှာ သားသမီးတိုင်းဟာ အဖိုးဖြတ်လို့ မရတဲ့ ကျောက်သံပတ္တမြားပါ။ ကျောသား ရင်သား မခွဲခြားပါဘူး။ လက်ဖဝါးပဲဖြစ်ဖြစ် လက်ဖမိုးပဲ ဖြစ်ဖြစ် အားလုံးဟာ အသားချည်းပါပဲ။

(၂) စီးပွားရေးလောကမှာ အရမ်းအောင်မြင်နေတဲ့ လုပ်ငန်းရှင် လူငယ်တဦးဟာ တနေ့မှာ ဖခင်နဲ့အတူ အထက်တန်းကျတဲ့ စားသောက်ဆိုင် တဆိုင်မှာ ညနေစာသုံးဆောင်ဖို့ ရောက်ရှိခဲ့တယ်။

ဆိုင်ထဲမှာ စားသောက်နေတုန်း စင်တင်ဖျော်ဖြေရေး အစီအစဉ်မှာ လူတယောက်က တယောထိုး ဖျေော်ဖြေနေတယ်။ လုပ်ငန်းရှင် လူငယ်ဟာ ငယ်ငယ်က တယောထိုး သင်ခဲ့ဖူးတော့ ဖခင်ဘက်လှည့်ပြီး ပြောတယ်။

"တယောထိုးတာကို သား သေချာကျင့်ခဲ့ရင် ဒီနေ့ဒီအချိန်မှာ သားလည်း သူ့လို ဒီနေရာမှာ ဖြေဖျော်နေရပြီ ထင်တယ်နော်"

ဖခင်ဖြစ်သူက "ဟုတ်တာပေါ့ သား။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ ဒီလိုနေရာမှာ အစားအသောက် ကောင်းတွေကို သားစားနေရမှာ မဟုတ်ဘူး" လို့ ပြောတယ်။ ဆုံးရှုံးသွားတဲ့ အခွင့်အရေးနဲ့ အောင်မြင်မှုတွေကို လူတွေက အမြဲ ညည်းတတ်ကြပြီး အခုလက်ရှိ ပိုင်ဆိုင်နေတဲ့ အရာကို မေ့နေတတ်ကြတယ်။

(၃) အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး ဝီတိုရိယဟာ သမိုင်းမှာ အာဏာထင်ရှားတဲ့ ဘုရင်တဆူ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့မှာလည်း သာမန်မိသားစုလိုပဲ အိမ်တွင်းရေး ပြဿနာတွေ ရှိကြတယ်။ တခါက ကြင်ယာတော် Albert နဲ့ စကားများကြတယ်။ လင်ယောက်ျား Albert က စိတ်ဆိုးပြီး အိပ်ခန်းထဲ ဝင်ပြီး တံခါးကို လော့ချလိုက်တယ်။

ဘုရင်မက ကိုယ်မှားမှန်းသိတော့ ချက်ချင်းသွားရောက် တောင်းပန်ဖို့ အခန်းတံခါးကို ခေါက်လိုက်တယ်။ "ဘယ်သူလဲ" လို့ ယောက်ျားက မေးတော့ "ဘုရင်မ" လို့ ပြန်ဖြေတယ်။ အခန်းထဲမှာ တိတ်ဆိတ်သွားပြီး တံခါးက ပွင့်မလာဘူး။ ဘုရင်မက တံခါး ဆက်ခေါက်တယ်။

"ဘယ်သူလဲ" အခန်းထဲက မေးပြန်တယ်။ "ဘုရင်မ" လို့ ပြန်ဖြေပြန်တယ်။ တံခါး ပွင့်မလာဘူး။ နောက် ဘုရင်မက တံခါးကိုခေါက် အသံမြင့်ပြီး "ရှင်ရဲ့ ဇနီးမယားပါ ကြင်ယာတော်" လို့ ပြောလိုက်မှ တံခါးက ပွင့်သွားတော့တယ်။

တခါခါ လူတွေက ရာထူးဂုဏ်ခံတွေနဲ့ ရုံးမှာ အလုပ်မှာ ကျင့်သလို အိမ်ရောက်ရင် ဇနီးမယား၊ လင်ယောက်ျားတွေကို အမိန့်ပေးတတ် ကြတယ်။ တန်းတူညီမျှနဲ့ တဦးကိုတဦး ချစ်ခင်လေးစား ရိုသေမယ်ဆိုရင် သူတို့ရဲ့ကြားက မေတ္တာစီးကြောင်းဟာ ပိုမိုခိုင်မြဲပြီး ရှည်လျှားမှာဖြစ်တယ်။

(၄) တခါက အမေရိကန် နာမည်ကြီး စာရေးဆရာ Mark Twain (၁၈၃၅-၁၉၁၀) ဟာ လွှတ်တော်က ကောင်စီဝင်တွေရဲ့ လုပ်ရပ်ကို ကြည့်မရတာနဲ့ သတင်းစာတစောင်မှာ ကြော်ငြာတခု ထည့်လိုက်တယ်။ ကြော်ငြာပေါ်မှာ "ကောင်စီဝင် တဝက်က အသုံးမကျတဲ့ လူတွေဖြစ်တယ်" လို့ ရေးလိုက်တယ်။

သတင်းစာထုတ်တော့ ကောင်စီဝင်တွေက မခံမရပ်နိုင် ဖြစ်ပြီး Mark Twain ကို ပြင်ဆင်ရေးသားဖို့ ပြောဆိုကြတယ်။ Mark Twain က နောက်သတင်းစာ တစောင်မှာ ပြန်ပြင်ဆင်လိုက်တာက "ကျနော်မှားသွားပါတယ်။ ကောင်စီဝင် တဝက်ဟာ အသုံးမကျတဲ့ လူတွေ မဟုတ်ပါဘူး" ဟူတည်း။ နိုင်းနိုင်းစနေ

Post a Comment

0 Comments