ဖြစ်နိုင်တယ်လို့ သက်သေပြလိုက်ပါ

တခါတုန်းက ဆရာမတယောက်က ကျောင်းသားတယောက်ကို အတန်းရှေ့ ထွက်ခိုင်းပြီး စာပြန်ခိုင်း ပါတယ်။ "မှားနေတယ်" လို့ ဆရာမက ပြောတော့ စာပြန်နေတဲ့ ကျောင်းသားလေး ထစ်ကုန်ရော။ နောက်တော့ အစကနေ ပြန်ရွတ်တယ်။

ဆရာမက "မှားပြန်ပြီ တော်တော့" လို့ အော်လွှတ်လိုက်တော့ ကျောင်းသားလေးခမျာ မျက်နှာငယ်လေးနဲ့ သူ့နေရာမှာ ပြန်သွားထိုင်လိုက်ပါတယ်။

ဆရာမက နောက်တယောက်ကို ခေါ်ပြီး စာပြန်ခိုင်းပါတယ်။ နောက်ကျောင်းသား စာပြန်နေတုန်း "မှားနေတယ်" လို့ ဆရာမက အော်ပြန်တယ်။

ဒါပေမယ့် အဲ့ဒီ ကျောင်းသားက ဆရာမ ပြောတာကို ဂရုမစိုက်ပါဘူး။ သူရွတ်နေတဲ့ စာကိုပဲ အဆုံးထိ ရွတ်သွားပါတယ်။ ပြီးတာနဲ့ သူ့နေရာသူ အေးအေးဆေးဆေး ပြန်ထိုင်သွားတယ်။ ဒီတော့ ဆရာမက "သား သိပ်တော်တာပဲ"လို့ ချီးကျူးပါတယ်။

ပထမ ကျောင်းသားက စိတ်ထဲ မကျေမချမ်း ဖြစ်သွားပြီး ဆရာမကို စောဒကတက်ပါတယ်။ "ဆရာမ ကျနော်လည်း သူရွတ်သလို ကွတ်တိ ရွတ်တာပဲလေ" တဲ့။

အဲဒီတော့ ဆရာမက "သားက ဒီစာကို မကျေညက်သေးဘူး။ ဆရာမ ရပ်ခိုင်းတော့ သားက ရပ်သွားတာဟာ ဒီစာကို ရပြီလို့ ကိုယ့်ကိုယ်ကို မယုံကြည်သေးတာကို ပြတာပဲသား။

လောကကြီးက မှားတယ်လို့ ပြောလာတဲ့အခါ မင်းလုပ်ရမှာက မှန်တယ်လို့ ပြန်ပြောပြီး အဲ့ဒါကို သက်သေထူဖို့ပဲ" လို့ ဆုံးမပါတယ်။

လောကကြီးမှာ အပျက်သဘော ဆောင်တဲ့ စကားတွေ နည်းပေါင်စုံနဲ့ ကြားရပါလိမ့်မယ်။ "ဒါကို မင်းမလုပ်နိုင်ပါဘူး၊ မဟုတ်ဘူး မင်းမှားနေတယ်၊ မင်း အသက်ကြီးသွားပြီ။

မင်း ငယ်လွန်းပါသေးတယ်၊ မင်း ဗလနဲ့များကွာ၊ မင်း ပညာမှ မတက်ပဲ၊ မင်း အသိုင်းအဝိုင်းက ဘယ်လောက် တောင့်လို့လဲ၊ မင်း ပိုက်ဆံမှ မရှိဘဲ၊ အဲ့ဒါ ပြီးမှာ မဟုတ်ပါဘူးကွာ" စသဖြင့်ပေါ့။

မင်းကြားရတဲ့ အပျက်သဘောဆောင်တဲ့ စကားတွေတိုင်းဟာ မင်း အရာရာကို လက်လျှော့ အရှုံးပေးသွားတဲ့အထိ မင်းရဲ့ ယုံကြည်မှုတွေကို တိုက်စားသွားနိုင်တယ်။

ကဲ ဒီနေ့ လောကကြီးက မင်းကို မဖြစ်နိုင်ပါဘူးလို့ ပြောလာတဲ့အခါ "ဖြစ်နိုင်ပါတယ်" လို့ ပြန်ပြောပြီး ဖြစ်နိုင်ကြောင်းကို သက်သေပြလိုက်စမ်းပါ။ phoomyatchal

Post a Comment

0 Comments