တခါတုန်းက ရွာတရွာမှာ လူချမ်းသာတယောက်နဲ့ လူဆင်းရဲတယောက်ဟာ ဘေးချင်းကပ်ရပ် နေထိုင်ကြပါတယ်။ လူချမ်းသာဟာ ငွေကြေးဥစ္စာ ပြည့်စုံပါလျက်နဲ့ ဘယ်တော့မှ အိပ်ကောင်းခြင်း စားကောင်းခြင်း မရှိရှာပါဘူး။
ဘာကြောင့်လဲဆိုရင် သူ့ရဲ့ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေ အတွက် ဘယ်သူတွေ အလွဲသုံးစား လုပ်မလဲ၊ ဘယ်သူတွေ လိမ်ညာသွားမလဲ ရယ်လို့ တွေးတော ပူပန်နေရတာ ပါပဲ။
ဒါပေမယ့် ဆင်းရဲသားကို ကြည့်လိုက်ရင်တော့ မရှိရှိတာ စားသောက်နေရင်းနဲ့ကို ပျော်ရွှင်နေတာကို လူချမ်းသာက အမြဲလိုလို မြင်တွေ့ နေရပါတယ်။
အဲဒီအခါ လူချမ်းသာဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတချို့ကို သေတ္တာတလုံးနဲ့ ထည့်ပြီး လူဆင်းရဲအိမ်ကို သွားပေးပါတယ်။ "မင်းအတွက် လက်ဆောင်အဖြစ် ယူပါ။ လိုသလို သုံးပါ" ဆိုပြီး ပေးခဲ့ပါသတဲ့။
အဲဒီ ရတနာသေတ္တာ ရောက်လာတဲ့ ညကစပြီး လူဆင်းရဲဟာ ကောင်းကောင်း အိပ်မပျော်တော့ပါဘူး။ စားလည်း မဝင်နိုင်ပါဘူး။ သေတ္တာကို ဘယ်သူများ သိသွားမလဲ။ ဘယ်သူတွေ ခိုးယူမလဲ ဆိုတဲ့ စိတ်တွေကြောင့်ပါပဲ။
အဲဒီစိတ်နဲ့ပဲ လူဆင်းရဲဟာ တပတ်လောက် အကြာမှာ တမှိုင်မှိုင် တတွေတွေ ဖြစ်လာပါတော့တယ်။ ကြာလာတော့ လူဆင်းရဲဟာ ဒဏ်မခံနိုင်တော့ပါဘူး။ ထိုသေတ္တာကို လူချမ်းသာအိမ်ကို သွားကာ ပြန်ပေးလိုက်ပါတယ်။
"မိတ်ဆွေရဲ့ သေတ္တာကို ပြန်ယူလိုက်ပါတော့။ တကယ်တော့ ငွေကြေးနဲ့ ရတနာတွေ ကြွယ်ဝ ချမ်းသာခြင်းဟာ တကယ့် ချမ်းသာခြင်း အစစ်မဟုတ်မှန်း ကျနော် သဘောပေါက် သွားပါပြီ။
ဘာမှမရှိပေမယ့် ကျနော့်ရဲ့ ချမ်းသာခြင်း အစစ်အမှန်ကိုသာ ကျနော် ပြန်လိုချင်ပါတယ်။ အဲဒါကြောင့် ဒီသေတ္တာကို ပြန်ယူလိုက်ပါ" ဆိုပြီး လူချမ်းသာရဲ့ သေတ္တာကို ပြန်ပေးလိုက်ပါတော့တယ်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဆင်းရဲပေမယ့် ပူပန်မှု မရှိတဲ့ဘဝဟာ အမှန်တကယ် အေးချမ်းခြင်းသာ ဖြစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။
တကယ်တော့ လိုချင်တပ်မက်တဲ့စိတ် မရှိတဲ့အခါ လောဘလည်း မဖြစ်ပေါ်နိုင်တာမို့ အမှန်တကယ် အေးချမ်းရတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ phoomyatchal
0 Comments