ဆင်းရဲသောသားအဖ

တနေ့မှာ အင်မတန်မှ ချမ်းသာတဲ့ မိသားစုက ဖခင်ဖြစ်သူဟာ သားဖြစ်သူကို ခေါ်ပြီး ဆင်းရဲတဲ့သူတွေဟာ ဘယ်လိုလဲ ဆိုတာကို သားဖြစ်သူကို သိစေချင်စိတ် ပြင်းပြစွာနဲ့ ပြသဖို့ရာ ကျေးလက်ဒေသတခုဆီကို ခရီးထွက်ခဲ့ ကြပါတယ်။

သားအဖနှစ်ယောက်ဟာ အင်မတန်မှ ဆင်းရဲရှာတဲ့ မိသားစုတခုရဲ့ မွေးမြူစိုက်ပျိုးရေးခြံတခုမှာ နှစ်ရက် နှစ်ညတိုင်တိုင် နေပြီး ဆင်းရဲတယ်ဆိုတာ ဘာလဲသိအောင် နေခဲ့ကြပါတယ်။

အပြန်ခရီးမှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကို မေးပါတယ်။ "ခရီးထွက်လာခဲ့ရတာ ဘယ်လိုနေသလဲ" လို့ မေးတဲ့အခါ သားဖြစ်သူက "သိပ်ကောင်းတာပဲ ဖေဖေ" လို့ဖြေပါတယ်။

"ဆင်းရဲသားတွေကို သားတွေ့ခဲ့ရတယ် မဟုတ်လား" လို့ မေးတော့ "အိုး တွေ့တာပေါ့ဖေဖေ" လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။ "ဒါဆိုရင် ဒီခရီးကနေ သားဘာတွေကို မြင်တွေ့ သင်ယူလာခဲ့သလဲ" လို့ ဖခင်ဖြစ်သူက မေးတယ်။

ထိုအခါ သားဖြစ်သူက အခုလို ပြန်ဖြေတယ်။ "သားတို့မှာ ခွေးတကောင် ရှိတယ်။ သူတို့မှာ ခွေးလေးကောင် ရှိတယ်။ သားတို့ပိုင်တဲ့ ရေကန်က သားတို့ဥယျာဉ် အလယ်ထိအောင် ရှည်တယ်။ သူတို့ချောင်းက အဆုံးမရှိဘူး။

သားတို့မှာ ဝယ်တပ်ထားတဲ့ မီးအိမ်တွေ ရှိတယ်။ သူတို့မှာ ညဆိုရင် ကြယ်တွေ ရှိတယ်။ သားတို့အိမ်ရှေ့ ဝရံတာက အိမ်အရှေ့ မျက်နှာဘက်ထိ ရောက်တယ်။ သူတို့အိမ်ရှေ့ မျက်နှာစာက မိုးကုပ်စက်ဝိုင်းထိအောင် ရောက်တယ်။

သားတို့ပိုင်တဲ့ မြေကွက်က သေးတယ်။ သူတို့ပိုင်တဲ့ လယ်ကွင်းတွေက မျက်စိတဆုံး မကဘူး။ သားတို့မှာ လုပ်ကိုင်ပေးမယ့် အလုပ်သမားတွေ ရှိတယ်။ သူတို့ကတော့ တယောက်ကိုတယောက် လုပ်ကိုင်ကူညီ ဆောင်ရွက်ပေးကြတယ်။

သားတို့က အစားအစာကို ဝယ်စားရတယ်။ သူတို့က သူတို့ဘာသာ စိုက်ပျိုး စားသောက်တယ်။ သားတို့ပိုင်တဲ့ ပစ္စည်းတွေကို လေးဘက်လေးတန် နံရံတွေနဲ့ ကာကွယ်ထားရတယ်။ သူတို့ကိုကျတော့ သူတို့မိတ်ဆွေတွေက ကာကွယ်ပေးကြတယ် ဖေဖေ"

သားဖြစ်သူရဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာတော့ ဖခင်ဖြစ်သူဟာ စကားမပြောနိုင် ဖြစ်သွားပါတော့တယ်။ သားက ထပ်ပြီးပြောလိုက်သေးတယ်။

"သားတို့တွေ ဘယ်လောက် ဆင်းရဲတယ်ဆိုတာ သိအောင် လိုက်ပြပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ" တဲ့။

ပြောရရင်တော့ အကြိမ်တော်တော်များများမှာ ကျနော်တို့ဟာ ကိုယ့်မှာရှိနေတာတွေကို မေ့လျော့ပြီး ကိုယ့်မှာ မရှိတာကိုပဲ အာရုံပြုနေလေ့ ရှိပါတယ်။

လူတယောက်အတွက် တန်ဖိုးမရှိတဲ့ အရာတခုဟာ ကျန်တဲ့လူတယောက် အတွက်တော့ တန်ဖိုးဖြတ်ဖို့ ခက်တဲ့ ပိုင်ဆိုင်မှု ဖြစ်နေတတ်ပါတယ်။ ဒါတွေအားလုံးဟာ လူတယောက်ရဲ့ အမြင်ပေါ်မှာပဲ အခြေပြုလေ့ ရှိပါတယ်။

ဒါကြောင့် ကျနော်တို့တွေဟာ လိုချင်တာတွေအတွက် ပူပန်နေမယ့်အစား ကိုယ့်မှာ ရှိတာလေးတွေကို ကျေးဇူးတင်ကြည့်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးတောပြီး ကိုယ့်ကိုယ်ကို အံ့သြကြည့်လိုက်စမ်းပါ။ Crd

Post a Comment

0 Comments