စေတနာရှင်ပိုးစုန်းကြူးလေးများ

ဟိုးရှေးရှေးတုန်းက တောတန်းလေး တခုထဲမှာ ပိုးကောင်ငယ်လေးတွေနဲ့ တိရစ္ဆာန်ငယ်လေးတွေ စုပေါင်း နေထိုင်ကြသတဲ့။ အဲ့ဒီတောတန်းကလေးဟာ တောအုပ်တခုရဲ့ မနီးမဝေးမှာ တည်ရှိတယ်။ တောအုပ်နဲ့ တောတန်းကလေး ကိုတော့ ချောင်းလေးတခုက ပိုင်းခြားထားခဲ့တယ်။

တောအုပ်နဲ့ တောတန်းကလေးကိုတော့ တခုတည်းသော တံတားကလေးနဲ့ ဆက်သွယ်ထားတယ်။ အဲဒီ တံတားကလေးကလည်း ချောင်းကလေးနားက အပင်ငယ်တပင် လဲကျပြီး တဘက်ကမ်းပေါ်မှာ သွားတင်နေတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တံတားကလေးပေါ့။ ဒါပေမယ့် တောအုပ်ထဲက အကောင်ငယ်လေးတွေဟာ တောအုပ်ရဲ့ အတွင်းပိုင်းကို သွားလေ့ မရှိကြဘူး။

တောတန်းကလေးဟာ သေးငယ်လွန်းတာကြောင့် နေထိုင်ကြတဲ့ အကောင်ငယ်ကလေးတွေဟာ တနေ့ထက်တနေ့ အစာရှာဖွေရတာ ခက်ခဲလာခဲ့တယ်။

တဖက်ကမ်းဖြစ်တဲ့ တောအုပ်ထဲမှာ အစားအစာတွေ ပေါများတာ သိကြပေမယ့် သူတို့ရဲ့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အသားစား အကောင်တွေ ရှိနေတာကြောင့် သူတို့ဟာ တဖက်တောအုပ်ထဲမှာ အစာသွားရှာဖို့ကို မဝံ့ရဲကြဘူး။

တရက်ထက်တရက် အစာရေစာ ရှားပါးလာတဲ့အခါမှာ ပိုးကောင်လေးတွေနဲ့ ယုန်၊ ရှဉ့်၊ ပူး အစရှိတဲ့ တောကောင်လေးတွေဟာ တဖက်တောအုပ်ထဲမှာ အစာသွားရှာဖို့ စုရုံးပြီး တိုင်ပင်ကြတယ်။

နေ့အခါမှာ သွားရင် ရှိနေတဲ့ မြေခွေးတွေ၊ တောခွေးတွေရဲ့ ရန်ကို ကြောက်ရတာဖြစ်လို့ ညဉ့်အခါမှာ အစာသွားရှာကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

လသာတဲ့ည၊ ကြယ်ရောင်တွေ လင်းတဲ့ညတွေမှာ အကောင်ငယ်လေးတွေဟာ တဖက်ကမ်း တောအုပ်ထဲကို သွားရတာ အခက်အခဲ မရှိပေမယ့် လမသာတဲ့ည၊ ကြယ်တွေကို တိမ်တွေက ဖုံးကွယ်ထားတဲ့ ညတွေမှာ အကောင်ငယ်လေးတွေဟာ ရေထဲကျခြင်း၊ တွင်းတွေ ချိုင့်တွေထဲ ကျခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရတယ်။

ဒီအခါမှာ ပိုးကောင်လေးတွေနဲ့ အကောင်ငယ်လေးတွေဟာ ဒီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ရမလဲလို့ တိုင်ပင်ကြ ပြန်တယ်။ မီးအိမ်နဲ့ လမ်းပြပေးမယ့်သူ ရှိရင် အဆင်ပြေမယ်ဆိုတဲ့ အဖြေကို ရပေမယ့် မီးအိမ်နဲ့ လိုက်လံ လမ်းပြပေးမယ့်သူက မရှိဘူး ဖြစ်နေပြန်တယ်။

ဒီအချိန်မှာပဲ ဒီလို လမ်းပြတဲ့ အလုပ်ကို သူတို့လုပ်ပါမယ်ဆိုတဲ့ သေးသေးကွေးကွေး အသံလေးတခုက ပေါ်ထွက်လာတယ်။ ကြည့်လိုက်တဲ့ အခါမှာတော့ အတောင်ပါတဲ့ အညိုရောင် ပိုးကောင်လေးတွေကို တွေ့လိုက်ရတယ်။

ဒီလိုနဲ့ ပိုးကောင်လေးတွေဟာ မီးအိမ်လေးတွေကို ကျောပေါ်မှာတင်ပြီး လမ်းပြလုပ်သားလေးတွေအဖြစ် စေတနာ့ဝန်ထမ်း အလုပ်ကို လုပ်ကိုင်ကြတယ်။

အကောင်ငယ်လေးတွေအတွက် အစာရှာဖွေရာမှာ အခက်အခဲမရှိ သွားလာနိုင်ကြပေမယ့် ညဉ့်ငှက်တွေ ကင်းလိပ်တွေရဲ့ ဖမ်းယူစားသောက်ခြင်းကို ပိုးကောင်ညိုလေးတွေက ခံကြရရှာတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ပျက်ခြင်းမရှိ၊ နောက်ဆုတ်ခြင်းမရှိဘဲ လမ်းပြတဲ့အလုပ်ကို ဆက်လက် လုပ်ကိုင်ကြတယ်။

တနေ့မှာတော့ ဒီအဖြစ်အပျက်တွေကို တောတန်းလေးကို စောင့်တဲ့ နတ်သမီးကလေးက တွေ့ရှိသွားသတဲ့။ ဒါနဲ့ တောတန်းကလေးထဲမှာ နေထိုင်ကြတဲ့ အကောင်ငယ်ကလေးတွေ ကို စုရုံးခေါ်ဆိုပြီး အကြောင်းအရာကို မေးမြန်းခဲ့တယ်။

အားလုံးရဲ့ ပြောပြချက်ကို ကြားသိရတဲ့အခါမှာ နတ်သမီးကလေးဟာ အညိုရောင် ပိုးကောင်ကလေးတွေကို သနားကရုဏာ ဖြစ်သွားတယ်။ ပြီးတော့ ကိုယ်ကျိုးစွန့်ပြီး ကူညီကြတဲ့ ဒီပိုးကောင်လေးတွေကို ဂုဏ်ပြုရမယ်လို့လည်း အကောင်ငယ်ကလေးတွေကို ပြောလိုက်တယ်။

များမကြာမီမှာပဲ နတ်သမီးကလေးက အတောင်ပံတွေ ခတ်လိုက်တိုင်း အလင်းရောင်တွေ ရစေဖို့ အညိုရောင်ပိုးကောင်လေးတွေကို သူမရဲ့ တန်ခိုးနဲ့ ဖန်ဆင်းပေးလိုက်တယ်။ ပြီးတော့ အမည် မရှိတဲ့ ထိုပိုးကောင်လေးတွေကိုလည်း ပိုးစုန်းကြူးလို့ အမည်တခုကို သတ်မှတ်ပေးလိုက်သတဲ့။

ပိုးစုန်းကြူးကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အလင်းရောင်လေး ရရှိလာတဲ့အခါမှာ လမ်းပြတဲ့အလုပ်ကို ဆထက်တိုးပြီး တောတန်းလေးထဲက မိတ်ဆွေလေးတွေကို ကူညီကြတယ်။

သားတို့ သမီးတို့လည်း လမင်းကြီး မလင်းတဲ့ညတွေ၊ ကြယ်လေးတွေမလင်းတဲ့ညတွေမှာ မှိတ်တုတ် မှိတ်တုတ်နဲ့ ဟိုမှာ ဒီမှာ သွားလားပျံသန်းနေကြတဲ့ ပိုးစုန်းကြူးလေးတွေကိုတွေ့ရင် မဖမ်းကြရဘူးနော်။

သူတို့က သူတို့မိတ်ဆွေလေးတွေကို လမ်းပြပေးနေတာကြောင့် ပိုးစုန်းကြူးလေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းကြပါစေ။ phoomyatchal

Post a Comment

0 Comments