ဖုန်းတလုံး ဖြစ်ချင်သူ

ကျွန်မ မနေ့က ကလေးတွေကို စာစီစာကုံး တပုဒ် ရေးခိုင်းလိုက်သည်။ ခေါင်းစဉ်က ရိုးရိုးလေး ဖြစ်ပါသည်။ "ဘဝတွင် အဖြစ်ချင်ဆုံး အရာ" ဆိုသည့် ခေါင်းစဉ် ဖြစ်သည်။

"ဆရာမ ကိုယ် ဘာဖြစ်ချင်ချင် ဖြစ်ချင်တာကို ရေးခဲ့လို့ ရသလား" ကလေးတယောက်က ထမေးခြင်း ဖြစ်သည်။

ကျွန်မက "ရတာပေါ့ကွ။ ကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ ရတယ်" ကလေးတွေ ပျော်သွားကြသည်။ တယောက်တခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန်သွားကြသည်။

"ငါက နတ်သမီးလေး ဖြစ်ချင်တယ်၊ ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်၊ ငါက ဘတ်စ်ကား မောင်းမယ်" ကလေးတွေ တယောက်တခွန်း ပြောသွားသည့် စကားသံများက ကြည်နူးစရာ ကောင်းလှသည်။ မနက်ဖြန် ဆိုလျှင် ကျွန်မ သူတို့ ရင်ဘတ်လေးတွေ ထဲကို မြင်ရတော့မည်။

နောက်တနေ့ ကျောင်းတွင် အခြားဘာသာရပ်များ စစ်ဆေးနေ သဖြင့် သူတို့ ရေးထားသော စာစီစာကုံး များကို မစစ်မိ။ ကျွန်မက သူတို့ စာအုပ်လေး တွေကို အိမ်ယူလာပြီး စစ်ဆေးနေ မိသည်။

ညနက်သည် အထိ ကျွန်မ ခင်ပွန်းက မအိပ်နိုင် သေးပါ။ သူက ဖုန်းထဲကို စိုက်ကြည့်နေသည်။ သမီးကြီးနှင့် သားကြီးလည်း ထို့အတူ ဖြစ်သည်။

"မောင်"

"ဘာလဲကွာ"

"ဒီမှာ လာကြည့်စမ်းပါဦး"

"နေပါကွာ ဒီမှာ စာဖတ်နေတယ်"

"အဲဒါ ထားလိုက်ပါ ကျွန်မ အတန်းက ကလေး တယောက် ရေးထားတဲ့ စာစီစာကုံး ကောင်းလွန်းလို့ လာဖတ်ကြည့်စမ်း ပါအုံး။ ‌‌နေပါဦးကွာ အရေးကြီး လို့ပါ။ လာပါ ဖတ်ကြည့်ပါဦး"

"ကဲ မင်းပဲ ဖတ်ပြတော့"

"ဒါဆိုနားထောင်။ ကျွန်တော့် ဘဝတွင် အဖြစ်ချင်ဆုံး အရာ။ ကျွန်တော်သည် ဖုန်းလေးတလုံး အလွန် ဖြစ်ချင်သည်။ ကျွန်တော့်အိမ်တွင် မိသားစု အားလုံး ပြန်ဆုံလျှင် ဖုန်းလေးတွေ ကိုယ်စီနှင့် ဖြစ်သည်။

ဖေဖေကလည်း ဖုန်းနှင့်၊ မေမေကလည်း ဖုန်းနှင့်၊ ကိုကိုကလည်း ဖုန်းနှင့်၊ မမကလည်း ဖုန်းနှင့် မျက်နှာမခွာ ဖြစ်နေကြသည်။

ကျွန်တော်က ဖေဖေ့ကို စက်ရုပ်ကားလေး ဝယ်ခိုင်းချင် နေသည်။ ဖေဖေ့ကို ပြောမည်ဟု ပြင်လိုက်သောအခါ လက်ကာပြသည်။ ဖေဖေက ဖုန်းထဲကို အာရုံစိုက် နေသည်။

မေမေ့ကို အက်ျီ ကြယ်သီး ပြုတ်နေသည်ကို တပ်ခိုင်း ချင်သည်။ မေမေက ဖုန်းကို ကြည့်ရင်းက မနက်မှ တပ်ပေးမည် ဟု အော်သည်။

ကိုကိုကလည်း ဘောလုံးကန်ရန် သွားပြောသည့် အခါ ဖုန်းကို ကြည့်ပြီး ရယ်နေသည်။ မမကလည်း ထမင်းဆာပြီ ဟု ပြောရာ ဖုန်းကို ကြည့်ရင်း ခေါင်းခေါက် လွှတ်လိုက်သည်။ သူတို့ အားလုံး ဖုန်းကို ချစ်သည်။ ဖုန်းနှင့် မျက်နှာ မခွာနိုင် လောက်အောင်ဖြစ်နေ ကြသည်။

သူတို့က ကျွန်တော့် မျက်နှာထက် ဖုန်းမျက်နှာကို ကြည့်ပြီး ပြုံးနေ ကြသည်။ ထို့ကြောင့် ကျွန်တော့် ဘဝတွင် အဖြစ်ချင်ဆုံး အရာကို ပြောပါ ဆိုလျှင် ဖုန်းလေးတလုံး ဖြစ်ချင်မိသည်။ သို့မှာသာ ကျွန်တော့်ကို သူတို့ အားလုံး ဝိုင်းကြည့်မည် ထင်သည်။ ဟယ်"

ဖေဖေက ဖုန်းကို ချလိုက်သည်။ သမီးနှင့် သား ကလည်း ဖုန်းက မျက်နှာကို ခွာပြီး ကျွန်မကို ကြည့်သည်။

"ကောင်းလိုက်တာ မင်းအတန်းက ကလေး ဘယ်ဆိုးလို့လဲ တော်လိုက်တာ။ စာရေးတာ ညက်နေတာပဲ။ အဲဒီ ကလေးကို အမှတ် ကောင်းကောင်း ပေးလိုက်ပေါ့"

ကျွန်မ ငိုချလိုက် မိသည်။ အားလုံးက ကျွန်မကို နားမလည်စွာဖြင့် ကြည့်နေကြသည်။

"အဲဒါ ဘယ်သူထင်လဲ။ အဲဒါ ဘယ်သူလို့ ထင်လို့လဲ"

"ဘယ်သူလဲ"

"ကျွန်မတို့ သားငယ်လေး ရှင့်။ သားငယ်လေး ရေးထားတဲ့ စာစီစာကုံး"

"ဟာ"

သားငယ်လေးက ထိုင်ခုံပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေ ရှာသည်။ (I want to be a phone ကို ဆီလျော်အောင် ဘာသာပြန် ပါသည်) တင်ညွန့်။

Post a Comment

0 Comments