နိဂြောဓသမင်မင်း

လွန်လေပြီးသောအခါက ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွှေအဆင်းရှိသော ဘုရားအလောင်း နိဂြောဓ သမင်မင်းသည် သမင်ငါးရာ အခြံအရံနှင့်တကွ တောတွင်နေလေ၏။

၎င်း၏ အနီး၌ ရွှေအဆင်းရှိသော သာခသမင်းလည်း အခြံအရံ ငါးရာနှင့်ပင် နေလေ၏။ ဗာရာဏသီမင်းကြီးကား သမင်တို့ကို သတ်လေ့ရှိ၏။

အသားနှင့် ကင်း၍ ပွဲတော်မတည်လေ။ တိုင်းသူပြည်သားတို့ကို အလုပ်ပျက်စေလျက် စုရုံးကာ နေ့တိုင်း သမင်လိုက် သွားလေ့ရှိ၏။

ထိုအခါ လူတို့သည် "ငါတို့မင်းကြီးကား ငါတို့ကို နေ့စဉ် အလုပ်ပျက်စေသည်။ ဥယျာဉ်တော်ဝယ် အစာရေစာတို့ကို ပြည့်စုံအောင် စီမံ၍ လုံခြုံစွာ ဝင်းခြံကာလျက် တံခါးတို့ကို တပ်ဆင်ပြီးလျှင် တောတွင်းရှိ သမင်တို့ကို

ခြောက်လှန့် စုရုံးကာ ဥယျာဉ်တော်သို့ သွင်း၍ ပေးထားရလျှင် သင့်လျော်မည်" ဟု ကြံစည်၍ သမင်တောသို့ သွားပြီးလျှင် ပိုက်ကွန်တို့ဖြင့် စုရုံးကာ ဥယျာဉ်တော်သို့သွင်း၍ တံခါးကို လုံခြုံစွာ ပိတ်ပြီးလျှင် မင်းကြီးအား လျှောက်ကြားကြလေ၏။

မင်းကြီးလည်း နှစ်သက်အားရတော်မူသဖြင့် ဥယျာဉ်တော်သို့ သွားကာ ကြည့်ရှုလေလျှင် ရွှေသမင်နှစ်ကောင် ပါလာသည်ကို မြင်၍ "အမောင်တို့ ဤရွှေသမင် နှစ်ကောင်ကို မသတ်ကြနှင့်" ဟု ဘေးမဲ့ပေးလေ၏။

မင်းကြီးသည် ရံခါ ဥယျာဉ်တော်သို့ ကိုယ်တိုင် သွားကာ သမင်တကောင်ကို ပစ်၍ ယူခဲ့၏။ ရံခါ စားတော်ချက်ကို ဥယျာဉ်တော်သို့ သွားစေလျက် သမင်တကောင်ကို ပစ်၍ ယူဆောင်စေ၏။

သမင်တို့သည် လေးကိုမြင်လျှင် သေဘေးမှ ကြောက်၍ အတင်း ပြေးကြသည့်အတွက် တကောင်နှင့် တကောင် တိုးဝှေ့မိကြသဖြင့် ဆင်းရဲပင်ပန်းခြင်း၊ နာကျင်ခြင်း၊ သေကျေပျက်စီးခြင်းသို့ ရောက်ကြကုန်၏။ ထိုအခါ သမင်တို့သည် ထိုအကြောင်းကို ဘုရားအလောင်း သမင်မင်းအား ပြောကြားကုန်၏။

ဘုရားအလောင်း သမင်မင်းလည်း သာခသမင်မင်းကို ခေါ်စေ၍ "အဆွေ ယခုအခါ သမင်တို့ ကြောက်လန့်တကြား ပြေးကြသဖြင့် ပျက်စီးကြကုန်၏။ စင်စစ်သော်ကား တနေ့နေ့တွင် မုချ သေကြရမည်။

ယနေ့မှစ၍ မြားဖြင့် မပစ်စေဘဲ စဉ်းတီတုံးပေါ်တွင် သင့်ပရိသတ်မှ တရက်၊ ငါ့ ပရိသတ်မှ တရက်အားဖြင့် တလှည့်စီ သမင်တကောင်သွား၍ စဉ်းတီတုံးပေါ်တွင် အိပ်စေရမည်။ သို့မှ သမင်တွေ မပင်ပန်းဘဲ ရှိကြမည်" ဟု တိုင်ပင်လေ၏။

သာခသမင်လည်း ကောင်းပြီဟု ဝန်ခံကာ တလှည့်စီ တိုင်ပင်သည့်အတိုင်း နေ့စဉ် သမင်တကောင်စီ သွား၍ စဉ်းတီတုံးပေါ်တွင် အိပ်စေ၏။

တနေ့သ၌ သာခသမင်မင်း၏ ပရိသတ်ထဲမှ ကိုယ်ဝန်ရှိသော သမင်မငယ်တကောင် အလှည့်သို့ ရောက်လေ၏။ ထိုအခါ သမင်မသည် သာခသမင်မင်းထံ ကပ်၍ "အရှင် ကျွန်ုပ် အလှည့်ကို ကျော်လွန်ပါစေဦး၊ ကျွန်ုပ်မှာ ကိုယ်ဝန်ရှိပါသည်။

မွေးဖွားပြီးသောအခါ သား၊ အမိ နှစ်ယောက်လုံး၏ အလှည့်သည် ဖြစ်လာပါလတ္တံ့" ဟု ဆိုလေလျှင် သာခသမင်မင်းက "သင့်အလှည့်ကို သူတပါးအပေါ်သို့ မချလို၊ သင်သာ ယူလော့" ဟု ဆိုလေ၏။

သမင်မငယ်လည်း သာခသမင်မင်းထံမှာ တစုံတရာ မထောင်အပံ့ကို မရသော် နိဂြောဓ သမင်မင်းထံ ကပ်၍ အကြောင်းကြားလေ၏။ နိဂြောဓ သမင်မင်းလည်း "ကောင်းပြီ၊ သင်ပြောတိုင်း မှန်စေ" ဟု ဆိုကာ သမင်မငယ်ကို လွှတ်လိုက်၍ သမင်မငယ်၏ အလှည့်ကို မိမိကိုယ်တိုင် ယူကာ စဉ်းတီတုံးပေါ်တွင် အိပ်လေ၏။ စားတော်ချက်လည်း ဘေးမဲ့ပေးထားသော ရွှေသမင်မင်းကို မသတ်ဝံ့သဖြင့် မင်းကြီးထံ အကြောင်းကြားလေ၏။

အများသတ္တဝါ ချမ်းသာရာ မင်းကြီးလည်း ဥယျာဉ်တော်သို့ လာလတ်၍ စဉ်းတီတုံးပေါ်တွင် အိပ်နေသော ဘုရားအလောင်း ရွှေသမင်မင်းကို မြင်လျှင် မေးလေ၏။

"အို သမင်မင်း သင့်အား ဘေးမဲ့ပေးထားသည် မဟုတ်ပါလော။ အဘယ်ကြောင့် စဉ်းတီတုံး၌ အိပ်သနည်း"

"ကိုယ်ဝန်ရှိသော သမင်မငယ်တကောင် လာ၍ ကျွန်ုပ်အလှည့်ကို တပါးသော သမင်သို့ ရောက်ပါစေဦး ဆိုလာသဖြင့် သေခြင်းဆင်းရဲကို သူတပါးထံ မပို့လို၊ မိမိပင်ခံ၍ သမင်မငယ်အား အသက်ကိုပေးမည်ဟု အိပ်ပါသည်။ အလိုရှိတိုင်း ပြုတော်မူပါ"

"အို သမင်မင်း၊ သမင်မင်းကဲ့သို့ သူတပါးအပေါ် မေတ္တာ၊ ကရုဏာ ရှိသူကို လူထဲ၌ သော်လည်း မမြင်ဘူးပါ။ သို့အတွက် သမင်မင်းကို ကြည်ညိုလှသဖြင့် သမင်မင်းအား လည်းကောင်း၊ ကိုယ်ဝန်ရှိသော သမင်မငယ်အား လည်းကောင်း ဘေးမဲ့ပေးပါသည်"

"ကြွင်းသော သမင်များအတွက် အသို့နည်း"

"ဥယျာဉ်တော်၌ရှိသည့် ကြွင်းသော သမင်များကိုလည်း ဘေးမဲ့ပေးပါသည်"

"တောထဲ၌ရှိသော သမင်များအတွက် အသို့နည်း"

"တောထဲ၌ရှိသော သမင်များကိုလည်း ဘေးမဲ့ပေးပါသည်"

"သမင်မှ တပါး အခြေလေးချောင်းရှိ သားများအတွက် အသို့နည်း"

"သမင်မှတပါး အခြေလေးချောင်းရှိ သားများကိုလည်း ဘေးမဲ့ပေးပါသည်"

"အခြေနှစ်ချောင်းရှိ ငှက်များအတွက် အသို့နည်း"

"အခြေနှစ်ချောင်းရှိ ငှက်များကိုလည်း ဘေးမဲ့ပေးပါသည်"

"ငါး၊ လိပ် စသော ရေသတ္တဝါများအတွက် အသို့နည်း"

"ငါး၊ လိပ် စသော ရေသတ္တဝါများကိုလည်း ဘေးမဲ့ပေးပါသည်" ဟု ပြောဆို ပြီးလျှင် အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးလေ၏။

နိဂြောဓ သမင်းမင်းလည်း မင်းကြီးထံမှ အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ရရှိလျှင် စဉ်းတီးတုံးမှ ထ၍ မင်းကြီးအား ငါးပါးသီလ၌ တည်စေ၍ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မင်းပြုရန် အဆုံးအမပေးကာ ဥယျာဉ်တော်ဝယ် နှစ်ရက်၊ သုံးရက်နေပြီးလျှင် သမင်အပေါင်း ခြံရံက တောသို့ဝင်လေ၏။

သမင်မငယ်လည်း သားငယ် ဖွားမြင်ပြီးလျှင် မိမိသားငယ်ကို "ချစ်သား အကျိုးစီးပွားကို လိုလျှင် နိဂြောဓသမင်မင်းကိုသာ ဆည်းကပ်လေ၊ သာခသမင်မင်းကို မဆည်းကပ်လေနှင့်၊ သာခသမင်မင်းထံ အသက်ရှည်နေရခြင်းထက် နိဂြောဓသမင်မင်းထံမှာ သေရခြင်းက မွန်မြတ်သေးသည်" ဟု ဆုံးမလေ့ရှိ၏။

ထိုအခါမှစ၍ လူတို့ ကောက်ပဲသီးနှံတို့ကို စားကုန်သော်လည်း သမင်တို့ကို မပစ်ခတ် မညှဉ်းဝံ့ကြသဖြင့် မင်းကြီးထံ လျှောက်ကြလေ၏။ မင်းကြီးလည်း နိဂြောဓ သမင်မင်းထံ အကြောင်းကြားစေသည်။

သမင်မင်းလည်း သမင်အပေါင်းတို့ကို စည်းဝေးစေပြီးလျှင် လူတို့ ကောက်ပဲသီးနှံတို့ကို မစားကြရန်နှင့် မဖျက်ဆီးကြရန် အဆုံးအမ ပေးလေ၏။ လူတို့အားလုံးလည်း မိမိတို့ ကောက်ပဲသီးနှံခင်းတို့၌ တိုင်တို့ကို စိုက်ထူလျက် သစ်ရွက်အမှတ်အသား ဖွဲ့ချည်၍ ထားကြကုန်ဟု မှာထားလေ၏။

သမင်တို့လည်း သစ်ရွက် အမှတ်အသားရှိသော လယ်ခင်း၊ ယာခင်းတို့ကို ဖျက်ဆီး စားသောက်ခြင်းမှ ရှောင်ကြဉ်ကြကုန်၏။ ထိုအခါမှစ၍ လယ်ခင်း၊ ယာခင်းတို့၌ ပန်းလုံးတိုင်စိုက်သော အထိမ်းအမှတ် ဖြစ်ခဲ့သတည်း။ Crd

Post a Comment

0 Comments