အသိဉာဏ်ပါသော ကူညီစောင့်ရှောက်ခြင်း

တခါက ပန်းထိမ်ဆရာတဦး ကွယ်လွန်သွားပြီးနောက်မှာ သူရဲ့ မိသားစုဟာ စီးပွားရေးအခြေအနေ ကျဆင်းလာခဲ့ပြီး နေ့စဉ်စားဝတ်နေရေး ဖြေရှင်းဖို့ အတွက်တောင် ကျန်ခဲ့တဲ့ မိသားစုတွေဟာ ခက်ခက်ခဲခဲ ဖြေရှင်းနေရတယ်။

တနေ့မှာတော့ ပန်းထိမ်ဆရာရဲ့ဇနီးဟာ သူနှစ်ရှည်လများ သိမ်းထားတဲ့ နီလာလည်ဆွဲလေးတခုကို သိမ်းထားရာမှ ထုတ်လိုက်ပြီး သူရဲ့ သားကို ပေးလိုက်တယ်။

"သားရေ ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား၊ လည်ဆွဲကိုပေးလိုက်။ လည်ဆွဲအတွက် တန်ဖိုးငွေကို သားပြန်ယူလာခဲ့ပါ" လို့ ပြောတယ်။

ကောင်လေးလည်း မိခင်ပြောတဲ့အတိုင်း လည်ဆွဲကို ယူပြီး သူ့ဦးလေးဆီ သွားပေးတယ်။ ဦးလေးဖြစ်သူက လည်ဆွဲကို ယူကြည့်ပြီး ကောင်လေးကို ပြောတယ်။

"သားရေ လည်ဆွဲကို မင်းအမေဆီ ပြန်ယူသွားလိုက်ဦး။ သူ့ကိုပြောလိုက် အခု ကျောက်မျက်ဈေးတွေ ကျနေတယ်။ နောက် ဈေးကောင်းတဲ့အခါမှ ရောင်းပါလို့ ပြော။

အခုတော့ မင်းအမေ ဈေးသုံးဖို့ ငွေအနည်းငယ်ပေးလိုက်မယ်။ သြော် ဒါနဲ့ မင်းအခု အလုပ်မရှိဘူး အားနေတယ် မဟုတ်လား။ မနက်ဖြန် ဦးလေးရဲ့ကျောက်မျက်ဆိုင်မှာ အလုပ်လာလုပ်ကွာ။ ဦးလေးက မင်းကို လုပ်အားခ ပေးမှာပေါ့ကွ" လို့ ပြောလိုက်တယ်။

ကောင်လေးလည်း သူ့ဦးလေး ပေးလိုက်တဲ့ ငွေအနည်းငယ်နဲ့ သူတို့မိသားစု ရေရှည် ရပ်တည်နိုင်မည် မဟုတ်ကြောင်း နားလည်လို့ နက်ဖြန်ကစလို့ ဦးလေးဆိုင်မှာ အလုပ်ဆင်းမှ ဖြစ်မယ်လို့ စဉ်းစားမိတယ်။

နောက်နေ့ကစပြီး ကောင်လေးဟာ သူ့ဦးလေးဆိုင်သွားပြီး အလုပ်ဆင်းတယ်။ ဒီလိုနဲ့ သူဟာ အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက်တို့ရဲ့ အကြောင်းကို လေ့လာသင်ယူခဲ့တယ်။

အချိန်ကြာလို့ လုပ်သက် ရင့်လာတာနဲ့အမျှ ကျောက်မျက်အကြောင်းကို အတော်လေးလည်း စစ်ဆေးအကဲဖြတ် နိုင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်တဲ့ အဆင့်ထိ ကျွမ်းကျင်တတ်မြောက်လာခဲ့တာပေါ့။

တရက်မှာ ဦးလေးက "လူလေးရေ မင်းအမေဆီ သွားလိုက်ဦး။ အခု ကျောက်မျက်ဈေးတွေ ကောင်းနေတယ်။ ဒီအချိန် ရောင်းရင် ဈေးကောင်းရမှာလို့ ပြောပြီး နီလာဘယက်ကို ယူလာခဲ့" လို့ ပြောလိုက်တယ်။

အဲဒါနဲ့ သူလည်း အိမ်ပြန်ရောက်ချိန်မှာ သူ့အမေဆီမှ နီလာလည်ဆွဲကို ယူပြီး စစ်ဆေးကြည့်တော့ လည်ဆွဲဟာ အစစ်မဟုတ် အတုဖြစ်ကြောင်း သိသွားတယ်။ နောက်တနေ့မှာတော့ ကောင်လေးဟာ သူ့ဦးလေးဆိုင်သို့ ပြန်လာခဲ့တယ်။ လည်ဆွဲကိုတော့ သူယူမလာခဲ့တော့ဘူး။

ဦးလေးလုပ်သူက လည်ဆွဲကို ဘာလို့ မယူလာကြောင်းမေးတော့မှ "လည်ဆွဲလား မယူခဲ့တော့ဘူးလေ။ ကျွန်တော် သေသေချာချာ စစ်ဆေးကြည့်ခဲ့ပြီးပြီ။ အဲ့ဒါအတုကြီးဗျ ဘာမှတန်ဖိုးမရှိပါဘူးဗျာ" ဟု ပြန်ပြောလိုက်တယ်။

ပြီးနောက် ကောင်လေးက ဦးလေးကို ပြန်မေးလိုက်တယ်။ "ဦးလေး အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီး ဖြစ်ပေမယ့် ဘာဖြစ်လို့ ဈေးကောင်းရမှ ရောင်းပါ ဆိုပြီး သိမ်းခိုင်းထားရတာလဲခင်ဗျာ"

"ဒီမယ် လူကလေး မင်း လည်ဆွဲကို ယူလာခဲ့စဉ်တုန်းက လည်ဆွဲက အတုပါလို့ ငါပြောလိုက်ရင် မင်းတို့ မိသားစု စိတ်ဓာတ်ပိုကျသွားမယ်။

နောက်ပြီး ငါက လိမ်ပြောတယ်လို့ မင်းတို့ ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်း ကျောက်မျက်အကြောင်း သိနေပြီပဲ လည်ဆွဲက အတုဆိုတာကို မင်းကိုယ်တိုင် သိသွားရတာပေါ့"

အသိဉာဏ်မပါတဲ့ စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင် ကြီးစွာ ဆောင်ရွက်သင့်လှတယ်။ Crd

Post a Comment

0 Comments