တနေ့မှာ ကောင်မလေးတယောက်ဟာ သူ့အဘွားအိမ်ကို သွားမယ် ဆိုပြီး တောင်တက်လမ်းအတိုင်း လျှောက်လာတဲ့ အခိုက် ရှောကနဲ အသံကြားလို့ ငုံ့ကြည့်လိုက်ပါတယ်။ ခြေထောက်နားမှာ မြွေတကောင်။ မြွေက ခလောက်ဆွဲမြွေ အမျိုးအစားပါ။
အဲဒီအချိန်မှာ ကောင်မလေးက ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ်။ သူသေရတော့မယ် ထင်တယ်တဲ့။ သူအရမ်းလည်း ချမ်းနေတယ်တဲ့။
ဒီနေရာမှာ အရမ်းအေးတာပဲတဲ့။ အခုထိ ဘာမှလည်း မစားရသေးဘူးတဲ့။ ဖြစ်နိုင်ရင် သူ့ကို ကောင်မလေးရဲ့ အင်္ကျီထဲ ထည့်ပြီး ကောင်မလေးနဲ့ အတူ ခေါ်သွားပါလားတဲ့။
မြွေက အဲဒီလိုလဲ ပြောလိုက်ရော ကောင်မလေးက ပြန်ပြောတယ်။ "ဟာ မဖြစ်ဘူး မဖြစ်ဘူး။ နင်ဘာမြွေလဲဆိုတာ ငါသိတယ်။ နင်က ခလောက်ဆွဲမြွေ။ ငါ နင့်ကို ခေါ်သွားရင် နင်က ငါ့ကိုကိုက်မှာ။ ပြီးတော့ နင်က အဆိပ်ပြင်းတယ်"
မြွေက ကောင်မလေး အဲဒီလို ပြောဆိုတာကို လက်မခံပဲ ပြန်ပြောတယ်။ "ဟာ မကိုက်ဘူး မကိုက်ဘူး စိတ်သာချ။ နင်သာ ငါ့ကိုကူညီရင် ငါဟာ နင့်သူငယ်ချင်းကောင်းပဲ။ နင့်ကို ငါ ကောင်းကောင်းမွန်မွန် တကယ် ဆက်ဆံမှာပါ"
မြွေက အဲဒီလို ပြောလာတော့ ကောင်မလေး စဉ်းစားသွားပါတယ်။ နောက်ပြီးတော့ မြွေကို ကြည့်လိုက်ပြန်တယ်။
"အင်း မြွေက လှလိုက်တာ။ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ။ ငါမြင်ဘူးသမျှ မြွေတွေထဲမှာ သူက အလှဆုံးပဲ"
ကောင်မလေးက ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ "ကောင်းပြီ။ နင့်ကို ငါယုံမယ်။ နင့်ကို ငါကယ်မယ်။ ဘယ်လို သက်ရှိသတ္တဝါမဆို ကြင်နာမှုနဲ့ ထိုက်တန်တယ်ဆိုတာ ငါလက်ခံတယ်"
ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်မလေးဟာ မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက်လျှောက်လာခဲ့တယ်။
လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေးဟာ ပြင်းထန်တဲ့ နာကျင်မှုတခုကို ခံစားလိုက်ရတယ်လေ။ မြွေက သူမကို ကိုက်လိုက်ပါပြီ။ ကောင်မလေး ငိုတယ်။ ပြီးတော့ နောင်တရသွားတယ်။
"နင် ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ။ နင်ပြောတော့ ငါ့ကို မကိုက်ဘူးဆို။ ငါ နင့်ကို ယုံခဲ့တယ်လေ"
မြွေက တခွန်းပဲ ပြန်ပြောလိုက်သတဲ့။ "နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက ငါဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ။ မတတ်နိုင်ဘူးလေ ငါမှ မထိန်းနိုင်တာ" လို့ ပြောပြီး အမြီးလေးကို ခလောက်လို တွန့်တွန့်တွန့်တွန့်နဲ့ ထွက်သွားပါတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်ထဲက မြွေလို ကျက်သရေတုံးတဲ့ လူဆိုတာတွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်တော်များများ ကြုံဘူးကြမယ် ထင်ပါတယ်။
တချို့လူတွေက စေတနာနဲ့ မထိုက်တန်ပါဘူး။ တချို့လူတွေက သွားသနားလို့ မရပါဘူး။ တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ။
တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ။ တချို့လူတွေက ခုတမျိုး တော်ကြာတမျိုးပါပဲ။ တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ်ပါတယ်။ တချို့လူတွေက မူယာမာယာ သိပ်များပါတယ်။ တချို့လူတွေက ကူလီကူမာ သိပ်ကျွမ်းပါတယ်။
ဒီတော့ လူတိုင်းကို သွားပြီးတော့ သနားဖို့ မလိုဘူးနော်။ "နင့်ကိုမှ မရရင် ငါသေရပါတော့မယ်တို့၊ ငါဒီတခါ တကယ် လိမ္မာပါပြီတို့၊ ငါနောက် မလုပ်တော့ပါဘူး ကတိပေးပါတယ်တို့" ဆိုလာရင် ချင့်ချိန်ပြီး ယုံကြပေါ့။ နောက်ပြီး သနားကမား ရုပ်ရည်ကလေးနဲ့ မျက်ရည်ခံထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားပါ။
အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့လည်း သူတို့ရဲ့ အတွင်းစိတ်တွေကို ခဏတာအားဖြင့် ပြည်ဖုံးကာ ချထားလို့ ရတယ် ဆိုတာကိုလည်း စွဲမြဲစွာ မှတ်ထားပါ။
တချို့ တချို့သော လူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး၊ စေတနာထားမှုမျိုး၊ ယုံကြည်မှုမျိုး၊ ကိုယ်ချင်းစာမှုမျိုးနဲ့မှ မထိုက်တန်ဘူးဆိုတာကို နားလည်ထားလိုက်ပါ။ Crd
0 Comments