ရေမျောကမ်းတင်အကြံ

ကျွန်တော်တို့ ငယ်စဉ်က ဘိလပ်ရည်ခေါ် ကရင်ဆိုဒါ ပုလင်းများကို ဖုံးသည့် အဖုံးလေးများနှင့် ကစားခဲ့ရသည်ကို အမှတ်ရမိသည်။ ထိုအဖုံးလေးများကို ဘယ်သူက စပြီး "ဖန်နီခွက်" ဟု တီထွင်ခေါ်သည် မသိ။ Cream Soda Cap နှင့် ဖန်နီခွက် ဆိုသည်ကား မည်သို့ ဆက်စပ်သည်လည်း မသိ။

ကျွန်တော်တို့ ကလေးများ ပါးစပ်တွင်ကား ဖန်နီခွက် ဟုပင် အသိများသည်။ တချိန်က အလှူ မင်္ဂလာဆောင် များတွင် ဘိလပ်ရည် ပုလင်းများကို အိုးကြီးတလုံးထဲတွင် ရေခဲစိမ်ကာ ဧည့်သည်လာမှ ဖောက်ပြီး ပိုက်တချောင်းထည့်၊ ကိတ်မုန့်တပန်းကန်နှင့် ဧည့်ခံကြသည့် အလေ့အထကို မှတ်မိသည်။

အဘယ်ကြောင့် မှတ်မိသနည်း ဆိုသော် ထိုအလှူပွဲများကို ကျွန်တော်တို့ ကလေးတွေ သွားကာ ဖန်နီခွက် ကောက်ကြသည်။

ပြီးလျှင် အရပ်ထဲတွင် ဖန်နီခွက်တွေကို ထောင်ပြီး သို့မဟုတ် ၅ ခု တပုံ ပုံကာ ဂေါ်လီနှင့် ပစ်တမ်း ကစားခဲ့ကြသည်ကို အမှတ်ရနေမိသည်။ ဖန်နီခွက်နှင့် ပတ်သက်သည့် ပုံပြင်လေးတပုဒ် ကိုလည်း အမှတ်ရ သေးတော့သည်။

တနေ့တွင် အပျော်စီး လေယာဉ်လေး တစီးသည် ကျွန်းတကျွန်းပေါ်က ဖြတ်ပျံသွားသည်။ ထိုကျွန်းသည် ပြင်ပလူ အရောက် အပေါက်နည်းပြီး ကျွန်းသား အနည်းငယ်နှင့် သူတို့ကမ္ဘာတခုကို ထူထောင်ထားသော ကျွန်းလည်း ဖြစ်သည်။

ထိုအပျော်စီး လေယာဉ်ပေါ်မှ ဆိုဒါလင်မနစ်ရည် သောက်နေသူ တဦးသည် အမှတ်တမဲ့ သူ့လက်ထဲက အဖုံးလေး ပြုတ်ကျသွားသည်။

ထိုအဖုံးလေးသည် လူရိုင်းတို့၏ ကျွန်းလေးပေါ်ရှိ တနေရာကို ကျသွားပြီး ထိုဖန်နီခွက် အဖုံးကို ကျွန်းသား တယောက်က ကောက်ရသွားသည်။ ပြောင်ပြောင်လက်လက်လေးနှင့် နှုတ်ခမ်းတွေ လိပ်နေသည့် ထိုအဖုံးလေးကို ကျွန်းသားက မရဲတရဲ ကောက်ပြီး ယူဆောင်ကာ ပြေးပါတော့သည်။ "ခေါင်းဆောင်ကြီး ခေါင်းဆောင်ကြီး"

သူက သူတို့ကျွန်းမှ လူရိုင်းခေါင်းဆောင်ကြီးထံ ပြေးကာ ဖန်နီခွက်ကို မြှောက်ပြီး

"မှန်လှပါ ခေါင်းဆောင်ကြီးခင်ဗျား ဒါလေးဟာ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ ဟာလေးပါ ဘုရား"

"ဟေ ဟုတ်လား ပြစမ်း" ကောက်ရလာသော ကျွန်းသားက ခေါင်းဆောင်ထံ ဖန်နီခွက်ကို ဆက်သသည်။ ခေါင်းဆောင်က လက်နှင့် ပွတ်ကြည့်ကာ

"အလိုလေး ဒါဟာ သာမန်တော့ မဖြစ်နိုင်ပေဘူး နတ်ဆရာကြီးကို သွားခေါ်"

နတ်ဆရာကြီး ရောက်လာသည်။ ဖန်နီခွက်ကို သေချာစွာ ကြည့်သည်။ ပါးစပ်ကလည်း ရွတ်ဖတ်သည်။

"နားထောင်လော့ ငါတို့ ကျွန်းသားများ၊ ဤအရာကား နတ်ဘုရားကြီး၏ မျက်လုံးတလုံး ဖြစ်တော့သည်။ နတ်ဘုရားကြီးက ငါတို့ ကျွန်းသားဘုရင်ကြီးအား သူ့မျက်လုံးတလုံး ပေးသနားလိုက်သည်။ ငါတို့ ကျွန်းကြီးသည် နတ်ဘုရားကြီး၏ မျက်လုံးတလုံးဖြင့် စောင့်ရှောက်ခြင်း ခံရတော့မည်။ ရှိခိုးကြလော့"

ကျွန်းသားတွေ အားလုံးက ဖန်နီခွက်ကို ရှိခိုးကြသည်။ အထွဋ်အမြတ် အဖြစ် နတ်ဘုရား ရုပ်တုကြီး၏ နဖူးတည့်တည့်တွင် ကပ်ကာ "နတ်ဘုရား၏ တတိယမျက်လုံး" ဆိုပြီး ကိုးကွယ် ပူဇော်ကြသည်။

ယုံကြည်မှုက စွမ်းအားကို ဖြစ်စေသည်။ ကျွန်းဘုရင်ကြီးအပေါ် တတိယမျက်လုံးပိုင်ရှင်ကြီး ဆိုကာ ကိုးကွယ် ယုံကြည်မှုတွေ ပိုပြီးများလာသည်။

တနေ့တွင် ကျွန်းကမ်းခြေ၌ လမ်းလျှောက်နေသော ကျွန်းသားတယောက်သည် ပုလင်းတလုံး မျောလာပြီး ကမ်းခြေတွင် တင်နေသည်ကို တွေ့လိုက်ရသည်။ ထိုပုလင်းတွင်လည်း တတိယမျက်လုံးက ပါလာသည်။

ကျွန်းသားက ပုလင်းကို ကျောက်ဆောင်နှင့် ရိုက်ခွဲပြီး တတိယမျက်လုံးကို ဘုရင့်ထံ ဆက်သပြန်သည်။ တကျွန်းလုံး ပွဲတော်တွေ ထပ်လုပ်သည်။ နတ်ရုပ်တုကြီး တခု တည်သည်။ မျက်လုံး နေရာတွင် ဖန်နီခွက် နှစ်ခွက်ကို ထည့်က ပူဇော်ကိုးကွယ် ကြပြန်သည်။

နောက် လအနည်းငယ် အကြာတွင် သင်္ဘောပျက်မှ ဘီယာပုလင်းတွေ မျောလာပြန်သည်။ ထိုပုလင်းတွေ ကမ်းခြေတွင် လာတင်သည်။ ကျွန်းသားတွေ အလုအယက် ပုလင်းတွေကို ခွဲကာ ဖန်နီခွက်တွေကို ယူဆောင်လာပြီး အိမ်တွင် "နတ်ဘုရားမျက်လုံး" ဆိုကာ ကိုးကွယ်ကြသည်။

နတ်ဘုရားမျက်လုံး ရှိသောအိမ်ကား မျက်နှာ ပွင့်လှသည်။ ထိုကျွန်းလေးတွင် နတ်ဘုရားမျက်လုံးခေါ် ဖန်နီခွက်ကို ကိုးကွယ်နိုင်သည့် အိမ်မှာ တဒါဇင်လောက် ရှိလာသည်။

ဖန်နီခွက် မရှိသေးသည့် အိမ်တွေက ကျွန်းသားတွေမှာ ဖန်နီခွက်ရှိသည့် အိမ်တွေကို လာပြီး တောင်းတောင်းပန်ပန် ကိုးကွယ် ပူဇော် ကြရသည်။ ရှားပါးလှသည့် ပစ္စည်း မဟုတ်ပါလား။ ကောင်းကင်က နတ်ဘုရားက ချပေးသည်။ ရေထဲက တဆင့် နတ်ဘုရားက ပို့ပေးသည်။

"နတ်ဘုရားမျက်လုံး" ကား ကျွန်းသားတွေအတွက် တန်ဖိုးအထားရဆုံး ကိုးကွယ်ရာ ဖြစ်သည်။ သို့သော် ထိုအဖုံးတွေကို တီထွင်သော နေရာမှ လူတွေအတွက်ကား စွန့်ပစ်သည့် ပုလင်းအဖုံးမျှသာ ဖြစ်သည်။ ကလေးတွေအတွက်ကား ဆော့စရာ ကစားစရာ ဖန်နီခွက်မျှသာ ဖြစ်သည်။

တနေ့တွင် ထိုကျွန်းကို လူတယောက် ရွက်တိုင်အကျိုးကို ဖက်ကာ ရောက်လာသည်။ ကျွန်းသားတွေက သူ့ကို ပြုစုစောင့်ရှောက်သည်။ ဖန်နီခွက်မျက်လုံးနှင့် တတိယနတ်ဘုရားထံ ခေါ်သွားသည်။ အိမ်တွေ၌လည်း ဖန်နီခွက်ကို ပူဇော်ထားသည်အား လိုက်ပြသည်။ ထို ရေမျောကမ်းတင်က စိတ်ကူးရသွားသည်။ "ဒီရွာမှာ စီးပွား လာရှာရမည်"

ရေမျောကမ်းတင်က တညတွင် ထိုရွာမှ လှေလေးကို လှော်ပြီး ပင်လယ်ထဲ ပြန်ထွက်သွားသည်။ သင်္ဘောကြီး တစီး၏ ကယ်တင်ခြင်း ခံလိုက်ရသည်။ ထိုရေမျောကမ်းတင်သည် လူတို့နေထိုင်ရာ ဒေသတွင် ဖန်နီခွက်တွေ လိုက်စုတော့သည်။

ဖန်နီခွက်တွေ လှေတစီးစာလောက် ရလာသည့် အခါတွင် ထိုကျွန်းကို တယောက်တည်း လှေနှင့် ပြန်သွားသည်။ ကျွန်းတွင် ဖန်နီခွက်တွေကို ထိုကျွန်းမှ ကျွန်းသားတွေ ပိုင်ဆိုင်သည့် ရွှေ၊ ပုလဲ၊ ရေထွက် ပစ္စည်းတွေနှင့် လဲသည်။

ကျွန်းသားတွေက ဖန်နီခွက်တွေကို ရသဖြင့် ပျော်ကြသည်။ အိမ်တိုင်းတွင် အနည်းနှင့် အများ ဖန်နီခွက် တခွက်၊ နှစ်ခွက် ဖြစ်ကုန်သည်။ ရေမျောကမ်းတင်လည်း ဖန်နီခွက်နှင့် စီးပွား ဖြစ်သွားသည်။ သူက နောက်တခေါက် လူတို့ နေထိုင်ရာကို ပြန်လာသည်။

ဖန်နီခွက်တွေကို ရသလောက် စုပြန်သည်။ ထိုကျွန်းကို ထပ်ပို့သည်။ ကျွန်းရှိအိမ်တိုင်းတွင် ဖန်နီခွက်တွေ ပြည့်လာသည်။ ကျွန်းသားတွေက ဖန်နီခွက်တွေကို စိတ်ဝင်စားမှု လျှော့လာသည်။

စတုတ္ထတခေါက်တွင် လှေကြီးနှင့် တင်လာသော ဖန်နီခွက်တွေ မရောင်းရတော့။ ရေမျောကမ်းတင်မှ စိတ်ပျက်ပြီး ကမ်းခြေတွင် ဖန်နီခွက်တွေကို ပုံကာ ပြန်လာခဲ့သည်။ ကမ်းခြေတွင် ပုံသွားသော ဖန်နီခွက်တွေကို ကောက်မည့်သူပင် မရှိတော့။

အိမ်တွင် ရှိသော ဖန်နီခွက်တွေ ကိုလည်း လည်ပင်းတွင် ဖောက်သီကာ ဆွဲကြသည်။ နောက်ဆုံး ကျွန်းပေါ်ရှိ ကလေးတွေ လမ်းပေါ်တွင် ကစား ကြသည့် အဆင့်ကို ရောက်ကုန်သည်။

တန်ဖိုးဆိုသည်မှာ ရှားစဉ် တန်ဖိုးကြီးစွာ ထားကြသည်။ ပေါများလွန်းမက ပေါများလာလျှင် တန်ဖိုး လျှော့လာသည်။ အဆမတန် ဖောင်းပွလာလွန်းလျှင် တန်ဖိုးမဲ့သွား တတ်သည်။ တန်ဖိုးရှိသည်တို့ကို တန်ဖိုးမဲ့စေလိုလျှင် ရေမျောကမ်းတင် လုပ်ဆောင်သလို ပေါများအောင် လုပ်ပေး လိုက်ခြင်းသာ ဖြစ်သည်။

လူ့သဘောက ရှားမှ တန်ဖိုးထားသည် ပေါလာလျှင် တန်ဖိုးမထားချင်၊ တန်ဖိုးရှိသည်တို့ကို တန်ဖိုးမဲ့စေချင်လျှင် ရေမျောကမ်းတင်နည်းကိုပင် ကျင့်သုံးကြသည်။ (Ref: The God’s Eyes) တင်ညွန့်

Post a Comment

0 Comments