မိဖုရားမဖြစ်ချင်သော မိန်းကလေး

တခါတုန်းက ရွာတရွာမှာ အရမ်းချောမောတဲ့ မိန်းမပျိုလေးတဦး ရှိသတဲ့။ သူမက အရမ်းလှတော့ ယောကျ်ားပျိုတိုင်းက မေတ္တာစကားတွေ ဆိုကြတာပေါ့။ အဲ့ဒါကိုပဲ ထိုမိန်းမပျိုလေးက သူ့ကိုကြိုက်တဲ့ လုလင်ပျိုတွေ များတယ်ဆိုပြီး ကျေနပ်နေသတဲ့။

တနေ့တော့ သူမတို့ရဲ့ရွာကို မင်းညီမင်းသားတွေက ကြင်ရာရှာ လာရောက်ကြတယ်။ ထိုမိန်းမပျိုလေးကလည်း သူမကို မေတ္တာရှိနေကြတဲ့ ရွာက လုလင်ပျိုတွေထက် ရာထူး စည်းစိမ် ရုပ်ရည် ပြည့်စုံတဲ့ မင်းညီမင်းသားတွေကိုပဲ လက်တွဲချင်တော့ သူမကိုယ်သူမ အစွမ်းကုန် ပြင်ဆင်ပြီးတော့ မင်းညီမင်းသားတွေကို ရေလာမြောင်းပေး လုပ်တာပေါ့။

ဒါပေမယ့် မင်းညီမင်းသားတွေက သူမကို စိတ်မဝင်စားကြပဲ သူတို့မေးတဲ့ မေးခွန်းတွေ၊ သူတို့ စမ်းသပ်တာတွေကို ပြောနိုင် ဖြေနိုင်တဲ့ သူမရွာက မိန်းမပျိုလေးကိုပဲ ရွေးချယ်လိုက်ကြသတဲ့။

အဲ့ဒီမှာပဲ ထိုမိန်းမပျိုလေးက တရွာလုံးမှာ သူက အချောဆုံးဖြစ်ပြီး သူမကို မရွေးချယ်ကြတဲ့ အတွက် ရှက်သွားတာပေါ့။ မိန်းမပျိုလေးက မင်းညီမင်းသားနဲ့ ပေါင်းဖက်ရဖို့ဆို သူ့မှာ အရည်အချင်းရှိမှ ဖြစ်မယ်ဆိုတာသိပြီး ပညာတွေကို ကြိုးစားသင်ယူ ပါတော့တယ်။

ဒီလိုနဲ့ ပညာတွေ တက်မြောက်ပြီး နှစ်တွေရာသီတွေ ကုန်လွန်တော့ မိန်းမပျိုလေးတို့ တိုင်းပြည်ရဲ့ အနီးနားက တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ဘုရင်မကြီးက သံတမန် ရာထူးအတွက် အမျိုးသမီးတွေကို ရှာနေတာပေါ့။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက ရာထူးအတွက် သွားပြီး အစမ်းသပ်ခံသတဲ့။

မိန်းမပျိုလေးရဲ့ ကြိုးစားမှု၊ ပညာအရည်အချင်း ပြည့်ဝမှုတွေကြောင့် ဘုရင်မကြီးက သဘောကျပြီး ခန့်အပ်လိုက်သတဲ့ကွယ်။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက သံတမန်အမျိုးသမီး ဖြစ်သွားတာပေါ့။

ဒီလိုနဲ့ မိန်းမပျိုလေးက တာဝန်တွေ ထမ်းဆောင်ရင်း တနေ့ကြတော့ သူနေခဲ့တဲ့တိုင်းပြည်ကို သံတမန်အဖြစ်နဲ့ ဘုရင်မကြီးက စေလွှတ်သတဲ့။ သူမကိုလည်း ရိုးရိုးသံတမန်အဖြစ် မဟုတ်ပဲ သူ့ရဲ့ညီမအဖြစ် မွေးစားပြီး အဆောင်အယောင်နဲ့ တကွ စေလွှတ်တာတဲ့။

ဒီလိုနဲ့ မိန်းမပျိုလေးက ဘုရင်မကြီးရဲ့ ညီမတော်အဖြစ်နဲ့ သူ့ရဲ့တိုင်းပြည်ကို သံတမန် ရောက်လာတာပေါ့။ အဲ့ဒီမှာပဲ အရင်က သူလိုချင်ခဲ့တဲ့ မင်းညီမင်းသားတွေက မိန်းမပျိုလေးရဲ့ အရည်အချင်းတွေ၊ ရာထူးတွေကို မြင်ပြီး လက်ဆက်ချင်ကြသတဲ့။

ဒါပေမယ့် မိန်းမပျိုလေးက သူမက ဘုရင်မကြီးရဲ့ ညီမ ဖြစ်တဲ့အတွက် ထိုမင်းညီမင်းသားတွေကို နိမ့်ကျတယ် ဆိုပြီး ဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးပဲ ဖြစ်လိုတယ်တဲ့။

အဲဒီလိုနဲ့ တိုင်းရေးပြည်ရေး ဆွေးနွေးပြီးတော့ မိန်းမပျိုလေးလည်း ဘုရင်မကြီးရှိတဲ့ တိုင်းပြည်ကို ပြန်ခဲ့တော့သတဲ့။ သူမ တိုင်းပြည်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုရင်မကြီး နတ်ရွာစံသွားသတဲ့။ ထီးမွေနန်းမွေ ဆက်ခံသူကလည်း မရှိတော့ မိန်းမပျိုလေးကိုပဲ ဘုရင်မကြီး ဘွဲ့အပ်နှင်းလိုက် ကြတာပေါ့။

ဘုရင်မကြီး ဖြစ်ပြီး မကြာခင်မှာပဲ သူနေထိုင်ခဲ့ဘူးတဲ့ တိုင်းပြည်က ဘုရင်ကြီးက သူ့ကို လက်ဆက်ဖို့ ကမ်းလှမ်းလာသတဲ့။ လက်မခံရင် စစ်ဖြစ်ပြီး နိုင်ငံပါသိမ်းမယ် ဆိုပြီး ခြိမ်းခြောက်တာပေါ့။

အဲ့မှာပဲ မိန်းမပျိုလေးက သူလို ဘုရင်မက တခြားသူရဲ့ မိဖုရားလုပ်ပြီး ဘာလို့ အလုပ်အကျွေး ပြုနေရမှာလဲ ဆိုပြီး ဘုရင်ကြီးကို ငြင်းလိုက်တယ်တဲ့။

ပြီးတော့ မိန်းမပျိုလေးက ထက်မြက်လွန်းတော့ စစ်ပွဲဖြစ်ပေမယ့်လည်း ဘုရင်ကြီးဘက်ကပဲ ရှုံးနိမ့်သွားသတဲ့။ မိန်းမပျိုလေးလည်း ဘုရင်မကြီး အဖြစ်နဲ့ပဲ တိုင်းပြည်ကို သာယာအေးချမ်းအောင် အုပ်ချုပ်သွားသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ပုံပြင်လေးထဲက မိန်းမပျိုလေးက ပထမတော့ သူမက သူ့ထက်မြင့်တဲ့ သူမျိုးကို လက်ဆက်ချင်ပေမယ့် အဲ့ဒီအမြင့်နေရာကို ရောက်တော့ ဒီထက် မြင့်တဲ့သူကိုပဲ လက်ဆက်ချင် ပြန်တယ်။

သူလက်ဆက်ချင်တဲ့ အမြင့်ကသူရဲ့ အနေအထားကို သူရောက်ပြန်တော့ အဲ့ထက် ပိုမြင်တဲ့ အမြင့်ဆုံးသူကို လက်ဆက်ချင်ပြန်ရော။ အဲ့ဒီလိုနဲ့ အမြင့်ဆုံးဆိုတာကို သူမ ရောက်သွားရတဲ့အခါ သူမအရင်က မက်မောခဲ့တဲ့ အမျိုးသားတွေကို မိန်မပျိုလေးက မမက်မောတော့ဘူးတဲ့။

ဒီပုံပြင်လေးထဲက မိန်းမပျိုလေးလိုပဲ မိန်းခလေးဆိုတာ ကိုယ့်ရဲ့လက်ရှိ အနေအထားထက် သာအောင် ပိုကောင်းအောင် အမြဲတမ်း ကြိုးစားနေရပါမယ်။ ကိုယ်ကပိုပြီး အမြင့်ရောက်လေ ကိုယ်မက်မောခဲ့တဲ့ အရာတွေက ကိုယ့်ကိုပြန်ပြီး မက်မော လာကြရတယ်။

ပညာမတက်လည်း၊ အရည်အချင်းမရှိလည်း အချိန်တန် ယောကျ်ားက ရှာကျွေးမှာပဲ ဆိုတဲ့ စကားကို ခေါင်းထဲက ထုတ်ထားပြီး ကိုယ့်ရဲ့ရုပ်ရည်ထက် ကိုယ့်ရဲ့အရည်အချင်းနဲ့ ပညာကိုပဲ အသုံးချပြီး ကြိုးစားသင့်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ လက်ရှိ ရှိနေတဲ့ရာထူး အဆင့်လောက်နဲ့ ကျေနပ်မနေသင့်ပါဘူး။ phoomyatchal

Post a Comment

0 Comments