မရိုးသားသောစိတ်ထား

သင်္ဂဇာ ဆရာတော်ဘုရားကြီးက ပြောဖူးတယ်။ တခါမှာ လူတယောက်ဟာ ထင်းပေါက်ဖို့ မရှိတာနဲ့ ပန်းပဲအိမ်ကို သွားတယ်။ ပန်းပဲအိမ်ကို ရောက်တော့ ဝယ်သူလာရင် ရောင်းဖို့ဆိုပြီး ပုဆိန်နဲ့ ပဲခွပ်တွေကို တန်းစီးပြထားတာ တွေ့ရတယ်။

ဒီလူက ခပ်ညံ့ညံ့ဆိုတော့ ပဲခွပ်နဲ့ ပုဆိန်ကို ကွဲကွဲပြားပြား မသိဘူး။ ဒီတော့ အသွားကန့်လန့်နဲ့ ပဲခွပ်ကို ပုဆိန်အမှတ်နဲ့ ဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ အဲဒီပဲခွပ်နဲ့ ထင်းပေါက်တယ်။

ပဲခွပ်က အသွားကန့်လန့်ဖြတ် ဆိုတော့ ထင်းခွဲလို့ မရဘူး ဖြစ်နေတယ်။ ခွဲလို့မရတော့ သူ့မိန်းမဆီ လှမ်းပြီး "ထင်းပေါက်လို့ကလည်း ဘယ်တော့မှ ရမှာမဟုတ်ဘူး" လို့ ညည်းညူပြီး ပြောနေတယ်။

မိန်းမက သူထင်းပေါက်နေတာကို ထွက်ကြည့်တော့ ကန့်လန့်ဖြတ် အသွားတပ်ထားတဲ့ ပဲခွပ်နဲ့ ထင်းပေါက်နေတာကို မြင်တယ်။

ဒီအခါမှာ မိန်းမက "ရှင့်ဟာက ပုဆိန်မှ မဟုတ်ဘဲ ဘယ်တော့ ထင်းက ကွဲမှာလဲ။ ရှင့်မှာလည်း လုပ်လိုက်ရင် အလွဲချည်းပဲ အမှားချည်းပဲ။ ရှင်ပေါက်နေတဲ့ဟာက ပုဆိန် မဟုတ်ဘူးရှင့်။ ပဲခွပ်" လို့ ပြောတယ်။

ထိုအခါ အဲဒီလူက သူ့မိန်းမကို "အို ငါမှားတာက တချောင်းတည်းရယ် ပန်းပဲသမား မှားထားလိုက်တာမှ တတန်းကြီး တသီကြီး" လို့ ပြန်ဖြေလိုက်တယ်။

လူဟာ ကိုယ်မှားတာကို မှားပါတယ်လို့ ဝန်မခံနိုင်ဘူး။ မငြင်းနိုင်လောက်အောင် အသေအချာ မှားနေမှန်း သိလျက်နဲ့ ကိုယ်တယောက်တည်း မှားတာမျိုး မဖြစ်လိုဘဲ

သူများကိုပါ လိုက်မှားစေချင်တဲ့ စိတ်မျိုး၊ ဝေငှပေးချင်တဲ့ စိတ်မျိုး၊ ပန်းပဲသမားကိုပါ မှားဖော်မှားဖက် ဖြစ်စေချင်တဲ့ စိတ်မျိုးတောင် ဖြစ်တယ်။

လူဟာ အသိဉာဏ်ရှိတဲ့ သတ္တဝါ ဖြစ်ပေမယ့် ကိုယ်မှားရင် မှားတယ်၊ ကိုယ်မသိရင် မသိဘူးလို့ ကိုယ့်စိတ်ကို အရှိ ပကတိ အတိုင်း သိနိုင်ခဲတယ်။ သိရင်လည်း သိတဲ့ အတိုင်း ဖြောင့်စင်းတဲ့စိတ် မကောက်ကွေ့ မဖုံးကွယ်တဲ့စိတ်နဲ့ ဝန်ခံနိုင်ခဲတဲ့ သူမျိုးပဲ ဖြစ်ပါတယ်။

အမှန်တရားရဲ့ မျက်နှာကို ထောက်ထားပြီး ဖြောင့်စင်းတဲ့စိတ် ရိုးသားမှန်ကန်တဲ့ စိတ်တွေဟာ လူတော်တော်များများမှာ ရှိကြမယ်ဆိုရင် လူ့လောကကြီးဟာ သာယာငြိမ်းချမ်းဖို့ အလားအလာ အများကြီး ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments