နောက်တခါအတွက် သိမ်းထားလိုက်ပါ

တနေတွင် အားအင်ကုန်ခမ်းပြီး လုံးဝ မလှုပ်နိုင်တဲ့ အနေအထားမှာ အဖိုးအိုတယောက်ဟာ ထွန်တုံးကို ဖြုတ်ပြီး သစ်ပင်အရိပ်လေးအောက်မှာ ထိုင်နားနေသတဲ့။

ညနေရောက်တော့ အိမ်ပြန်ရောက်မလာတဲ့ ဖခင်ကို သားဖြစ်သူက သွားကြည့်တော့ လယ်ကွင်းထဲ ထိုင်နေတာ တွေ့ရတယ်။

အဖိုးအိုကလည်း "နောက်နေ့ကစပြီး အဖေ လယ်ထဲ မဆင်းပါရစေနဲ့ တော့ကွယ်။ အဖေ လုံးဝ လုပ်ကိုင်ဖို့ အားမရှိတော့လို့ပါ" လို့ သားဖြစ်သူကို ပြောလိုက်တယ်။

နောက်တနေ့ သားဖြစ်သူက လယ်ထွန်နေရာက အိမ်ပေါက်ဝမှာ သူလယ်ထွန်နေတာကို ငေးကြည့်နေတဲ့ ဖခင်ကို ကြည့်ပြီး ဒေါသတွေ ထွက်လာတယ်။ နေပူလေ ဒေါသ ဆူလေပေါ့။

သူတို့ကို နှစ်ပေါင်း ၇၀ လောက် လယ်ထွန်ကျွေးခဲ့တာ ကိုတော့ မေ့နေတယ်။ ပြီးတော့ အိမ်မှာ လူပိုတွေ ထားရင် ငါဒီထက် ပိုပြီး ပင်ပန်းလိမ့်မယ် လို့လည်း တွေးလိုက်တယ်။

နောက်တနေ့မှာ သားဖြစ်သူက လှည်းပေါ်ကို အခေါင်းတလုံး တင်လာပြီး အိမ်ပေါက်မှာ ထိုင်နေတဲ့ သူ့အဖေကို "အဖေ .. တောင်ပေါ်ကို သွားလည်ကြရအောင်။ အဖေက ဒီသေတ္တာထဲ ဝင်စီး ကျနော် မြင်းလှည်းမောင်းမယ်" လို့ ပြောတယ်။

သူ့ဖခင်ကလည်း ဘာတခွန်းမှ မပြောဘဲ သေတ္တာအခေါင်းထဲ ဝင်ပေးလိုက်တယ်။ သားဖြစ်သူက အဖုံးပိတ်ရမယ် ဆိုတော့လည်း လှဲပေးလိုက်တယ်။ ဒီလိုနဲ့ အဖုံးပိတ်ထားတဲ့ အခေါင်းကို သားဖြစ်သူက တောင်ပေါ်ကို မောင်းခဲ့တယ်။

တောင်ပေါ်အစွန်း တနေရာ ရောက်တော့ သားက အခေါင်းကို တွန်းချဖို့ ပြင်နေတုန်း အထဲက ခေါက်သံသဲ့သဲ့ ကြားလိုက်တာနဲ့ အခေါင်းကို ဖွင့်ကြည့်လိုက်တယ်။ အဖိုးအိုက သားဖြစ်သူကို ကြည့်ပြီး

"သားရယ်၊ မင်း အဖေ့ကို တောင်အောက် တွန်းချတော့မယ်ဆိုတာ သိပါတယ်။ အဖေတခုလောက်တော့ ပြောချင်တယ်။ ဘာဖြစ်လို့များ အခေါင်းနဲ့အတူ အဖေ့ကို တွန်းချမှာလဲ။ ဒီအတိုင်း အဖေ့ကို တွန်းချလိုက်ရင်လည်း ရသားပဲ။

အဲဒီအခေါင်းကို သား သိမ်းထားလိုက်သား။ ဘာကြောင့်လဲ ဆိုတော့ နောက်တခါ သားရဲ့ သား၊ အဖေ့ရဲ့ မြေးလေးက သားကို ဒီလို တွန်းချချင်ရင် အခေါင်းတခါ လုပ်ရတာ သက်သာသွားတာပေါ့" လို့ ပြော လိုက်တယ်။

ဂျပန်ပုံပြင်လေးတပုဒ်ပါ။ မိဘရှိသူတိုင်း မိဘကို လေးစား တန်ဖိုးထားတတ်ကြပါစေ။ တနေ့တချိန်ကျရင် ကိုယ်တိုင်လဲ မိဘနေရာ ရောက်လာရမှာပါ။ အနားရှိတုန်း တန်ဖိုးထား ပြုစုနိုင်ကြပါစေ။ Tin Nyunt

Post a Comment

0 Comments