မရှိတော့မှ နောင်တမရပါနဲ့

မိဘတွေရဲ့ တန်ဖိုးက ဘယ်လောက်ထိ ကြီးသလဲဆိုတာ ရှိနေတုန်းမှာ သတိမထားမိပေမဲ့ မရှိတော့တဲ့ အချိန်မှ တန်ဖိုးကြီးမှန်း သိကြတာက များပါတယ်။

သားသမီးတွေအတွက် အမြဲတမ်း စဉ်းစားပေးတတ်တာ မိဘတွေပါ။ ကိုယ်ငတ်ရင်သာ အငတ်ခံမယ် သားသမီးတွေ အတွက်တော့ မရှိ ရှိတာလေးနဲ့ ဝအောင်ကျွေးပြီး ရှိတာလေးနဲ့ လုံအောင်ဆင်တာ မိဘတွေပါပဲ။

ကိုယ်ပညာမတတ်လို့ အလုပ်ကြမ်းတွေ လုပ်နေရတာမျိုး၊ လမ်းဘေး ဈေးရောင်းနေရတာ မျိုးတွေကို နမူနာပြပြီး ပညာမသင်ချင်တဲ့ သားသမီးကို ပညာသင်ချင်စိတ် ဖြစ်လာအောင် ပြောပြတတ်တာမျိုးပါ။

သားသမီးတွေဆီက ဘာမျှော်လင့်ချက်မှ မထားဘဲ ပေးဆပ်သူတွေ အဖြစ်နဲ့ ကျေနပ်ပီတိ ဖြစ်နေတတ်တာ မိဘတွေပါပဲ။

အတောင်စုံလို့ သားမယား ရသွားပြီး မိဘအရိပ်က ထွက်ခွာသွားခဲ့ကြပေမဲ့ မိဘတွေကတော့ ကိုယ့်သားသမီး အဆင်ပြေနေရင် ပြီးတာပါပဲ ဆိုပြီး တွေးပေးနေတတ်တာမျိုးပါ။ ဒါကြောင့် မိဘတွေရှိတုန်းကို တန်ဖိုးထားပါ။

အသက်ကြီးလာတဲ့အထိ အမေ အဖေလို့ ခေါ်ခွင့်ရနေသေးတယ် ဆိုရင် သင်ဟာ သိပ်ကို ကံကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်း ကိုယ့်မိဘကို ပြုစုချင်တိုင်း ပြုစုခွင့် မရကြပါဘူး။

သင်က မိအို ဖအိုတွေကို ယနေ့ချိန်ထိ ပြုစုခွင့် ရှာကျွေးခွင့် ရနေသေးတယ် ဆိုရင် ဂုဏ်ယူလိုက်ပါ။ လူတိုင်းမှာ အဲဒီလို အခွင့်အရေးမျိုး မရကြလို့ပါပဲ။

မိဘတွေ ရှိနေတုန်း တန်ဖိုးမထားခဲ့ရင်၊ ရှိနေတုန်း မျက်ကွယ်ပြုခဲ့ရင်၊ ရှိနေတုန်း အပြစ်တွေ မြင်ခဲ့ရင်၊ မိဘထက် တခြားသူတွေကို ပိုဦးစားပေးခဲ့မိရင်၊ မိဘထက် ငွေနောက်ပဲ အမြဲလိုက်နေခဲ့ရင်

မိဘတွေ မရှိတော့တဲ့ အချိန်မှာ နောင်တကြီးစွာနဲ့ ကျန်ရစ်သူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမယ်ဆိုတာ အသိဝင်လာစေချင်လို့ ဒီစာလေးနဲ့ သတိပေးရင်း ရေးသားလိုက်ရပါတယ်။

Post a Comment

0 Comments