ဉာဏ်ကောင်းသော အမတ်ချူပ်ကြီး

တခါတုန်းက ဆောင်းရာသီ အေးမြတဲ့ ညနေခင်းလေးမှာ ဘုရင်ကြီးနဲ့ အတိုင်ပင်ခံ အမတ်ချုပ်ကြီးတို့ဟာ သာယာလှတဲ့ ရေကန်ကြီးဘေးမှာ လမ်းလျှေက်နေကြတယ်။ လမ်းလျှောက်နေရင်းနဲ့ အမတ်ချုပ်ကြီးဟာ "လူတွေဟာ ငွေအတွက် ဘာမဆို လုပ်ကြပါလား" လို့ စဉ်းစားမိတယ်။

သူစဉ်းစားမိတာကိုလဲ ဘုရင်ကြီးကို လျှောက်တင်လိုက်တယ်။ ဘုရင်ကြီးဟာ ရေကန်စပ်သွားပြီး သူ့လက်ကို ရေကန်ထဲ ထည့်လိုက်တော့ လက်က ထုံကျင်ပြီး တုန်လာလို့ အမြန် ပြန်ထုတ်လိုက်ရတယ်။

နောက်တော့ ဘုရင်ကြီးဟာ အမတ်ချုပ်ကြီးကို "ဘယ်သူကမှ ပိုက်ဆံအတွက် ဒီရေထဲမှာ တညလုံးနေမယ် မထင်ဘူး" လို့ ပြောလိုက်တယ်။ အမတ်ချုပ်ကြီးက "ရေကန်ထဲမှာ တညလုံး နေမယ့်လူ ရှိမှာ သေချာပါတယ်" လို့ ပြန်လျှောက်တင် လိုက်တယ်။

ဘုရင်ကြီးက အမတ်ချုပ်ကြီးကို "ရေကန်ထဲမှာ တညလုံး နေမယ့်သူ ရှိရင် ဆုကြေး ရွှေဒင်္ဂါးတထောင် ဆုချမယ်" လို့ စိန်ခေါ်လိုက်တယ်။

အမတ်ချုပ်ကြီးလဲ တနိုင်ငံလုံး ပတ်ပြီးရှာလိုက်တော့ ပိုက်ဆံအတွက် ရေကန်ထဲ တညလုံး နေချင်တဲ့ သူဆင်းရဲတဦးကို တွေ့ခဲ့တယ်။

သူဆင်းရဲလည်း စိန်ခေါ်မှုကို လက်ခံပြီး ရေကန်ထဲ ဆင်းတာနဲ့ ဘုရင်ကြီးလည်း အစောင့်တပ်ဖွဲ့တဖွဲ့ကို ရေကန်ထဲမှာ နေမနေ စောင့်ကြည့်စေတယ်။

နောက်တနေ့ နံနက်မှာတော့ အစောင့်တပ်ဖွဲ့ဟာ သူဆင်းရဲကို ဘုရင်ကြီးထံ ခေါ်သွားတယ်။ ဘုရင်ကြီးလည်း သူဆင်းရဲကို တညလုံး ရေကန်ထဲမှာ တကယ်နေရဲ့လား ဆိုပြီး မေးမြန်းစုံစမ်းတယ်။ သူဆင်းရဲက တကယ်နေကြောင်း ဖြေလိုက်တယ်။

ဘုရင်ကြီးက ဒီလောက်အေးတာကို ဘယ်လိုလုပ် တညလုံးနေနိုင်တာလဲ မေးမြန်းလိုက်တော့ သူဆင်းရဲက သူ့ကိုစောင့်တဲ့ အစောင့်တွေ ဖိုထားတဲ့ မီးဖိုကို အာရုံစူးစိုက် ကြည့်ပြီး အနွေးဓာတ် ရစေကြောင်း ဘုရင်ကြီးကို ဖြေကြားတယ်။

အဲဒါနဲ့ ဘုရင်ကြီးက အစောင့်တွေရဲ့ မီးဖိုကို အသုံးချလို့ ဆိုပြီး ဆုကြေးပေးဖို့ ငြင်းဆိုလိုက်တယ်။ သူဆင်းရဲလဲ အားငယ်သွားပြီး အမတ်ချုပ်ကြီးကိုပဲ အားကိုးတကြီး ကြည့်လိုက်တယ်။

နောက်တနေ့မှာတော့ အမတ်ချုပ်ကြီးဟာ နန်းတော်ထဲ ရောက်မလာခဲ့ပါဘူး။ ဘုရင်ကြီးလဲ ဘာဖြစ်လို့ ရောက်မလာတာလဲ သိချင်လို့ ဆက်သားတဦး လွှတ်လိုက်ပါတယ်။

ဆက်သားပြန်လာတော့ "အမတ်ချုပ်ကြီး ထမင်းချက်နေပါတယ်။ ထမင်းကျက်ရင်လာပါမယ်" လို့ လျှောက်တင်လိုက်ကြောင်း သတင်းပို့ပါတယ်။ ဘုရင်ကြီးဟာ နာရီပေါင်းများစွာ စောင့်ပေမယ့် မရောက်လာပါဘူး။

နောက်ဆုံးတော့ ဘုရင်ကြီးလည်း အမတ်ချုပ်ကြီးအိမ်ကို ဘာဖြစ်နေလဲ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အမတ်ချုပ်ကြီးအိမ်ကို ရောက်တော့ အမတ်ချုပ်ကြီးဟာ မီးဖိုတခု ဖိုထားပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေတယ်။

မီးဖိုအထက် ၅ ပေလောက်မှာတော့ ထမင်းအိုးတလုံး တည်ထားတာ တွေ့ရတယ်။ ဘုရင်ကြီးနဲ့ အပေါင်းအပါများဟာ ဘာမှမကူညီပဲ ရီနေကြတယ်။

ဘုရင်ကြီးက အမတ်ချုပ်ကြီးကို မေးလိုက်တယ် "မီးနဲ့ ဒီလောက် အဝေးကြီးမှာ ထမင်းဘယ်လိုချက် နေတာလဲ" လို့ မေးလိုက်တယ်။

အမတ်ချုပ်ကြီးက "သူဆင်းရဲလည်း မီးဖိုကအပူကို ဘယ်လိုရလဲ မသိလို့ စဉ်းစားနေတာပါ။ သူက မီးဖိုနဲ့ အများကြီး ပိုဝေးပါတယ်" လို့ ပြောလိုက်တယ်။

ဘုရင်ကြီးလည်း သူ့အမှားကို ချက်ချင်းနားလည်သွားပြီး သူဆင်းရဲကို ဆုကြေးရွှေဒင်္ဂါး ၁၀၀၀ ပေးဖို့ အမိန့်ချမှတ် လိုက်ပါတော့တယ်။ Crd

Post a Comment

0 Comments