တောင်ခြေက မြည်းပု

တခါက Guizhou ပြည်နယ်မှာ မြည်းပုဆိုလို့ တကောင်မှ မရှိခဲ့ပါဘူး။ ဒါကြောင့် တနေ့မှာ လူတယောက်ဟာ မြည်းပုတကောင်ကို ဝယ်ပြီး သင်္ဘောနဲ့ တင်ဆောင်လာခဲ့ပါတယ်။

Guizhou ကို ရောက်တဲ့ အခါ မြည်းပုကို ဘယ်နေရာမှာ သုံးရမယ်မှန်း မသိသလို ဘယ်မှာ အသုံးဝင်မှန်းလည်း မသိခဲ့ဘူး။ ဒါကြောင့် ဝယ်လာတဲ့သူဟာ မြည်းပုကို တောင်ခြေရင်းမှာ ချည်ပြီး ထားခဲ့တယ်။

တရက်မှာ တောင်ကြားထဲကနေ ကျားတကောင် ထွက်လာခဲ့တယ်။ ကျားဟာ မြည်းပုရဲ့ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကို ကြည့်ပြီး ဒါဟာ နတ်တွေ ဖန်ဆင်းထားတဲ့ အကောင်ကြီး ဖြစ်ရမယ် လို့ တွေးမိတယ်။

ဒါကြောင့် တောထဲကို အလျင်အမြန် ပြေးဝင်ပြီး သစ်ပင်တွေ အကွယ်ကနေ မြည်းကို စောင့်ကြည့်နေခဲ့တယ်။ ကျားဟာ မကြာခဏ ဆိုသလို မြည်းပုအနီးကို သွားခဲ့ပေမယ့် အန္တရယ် မရှိနိုင်လောက်တဲ့၊ သူထွက်ပြေးလို့ လွတ်နိုင် လောက်တဲ့ အကွာအဝေး ကနေပဲ စောင့်ကြည့် နေခဲ့တယ်။

တနေ့မှာ ကျားဟာ မြည်းပုနားကို ထွက်လာခဲ့တယ်။ အဲဒီအခါ မြည်းပုဟာ ကြောက်လန့်ပြီး အသံကျယ်ကျယ်နဲ့ အော်ဟစ် လိုက်တယ်။

ထိုအခါ ကျားဟာ သူ့ကို စားတော့မယ်လို့ ထင်ပြီး တောထဲကို အလျင်အမြန်ပဲ ပြေးဝင်သွားပြန်တယ်။ ခဏကြာတဲ့အခါ ကျားဟာ ဖြည်းဖြည်းချင်း ပြန်လှည့်လာပြီး မြည်းပုကို သေချာ ကြည့်တယ်။

အဲဒီအခါမှာ မြည်းပုဟာ ခန္ဓာကိုယ် ဝဖီးပေမယ့် ဘာမှ လုပ်နိုင် ကိုင်နိုင်စွမ်း မရှိ၊ တိုက်ခိုက် နိုင်စွမ်း မရှိတဲ့အကောင် ဆိုတာ သဘောပေါက် သွားတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် ကြာတဲ့အခါ ကျားဟာ တဖြည်းဖြည်း မြည်းပုကို ကြောက်တဲ့ စိတ်တွေ လျော့နည်းလာခဲ့တယ်။ ပြီးတော့ မြည်းပုကို ခုန်အုပ် လိုက်တယ်။

မြည်းပုဟာ အလွန်စိတ်ဆိုးပြီး သူ့ခြေထောက်တွေနဲ့ ကျားကို ကန်လိုက်တယ်။ ထိုအခါ ကျားဟာ ဝမ်းသာအားရနဲ့ မြည်းပုကို ပြောလိုက်တယ်။

"ဒီလို အကောင်ကြီးကြီး ဝဝဖီးဖီးတွေက ဘာမှလည်း လုပ်နိုင်စွမ်း မရှိပါလား" အဲဒီလို ပြောပြီး ကျားဟိန်းသံပေးလို့ မြည်းပုကို တခါတည်း ခုန်အုပ်ပြီး စားလိုက်ပါတော့တယ်။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာ ကတော့ Appearance ဆိုတဲ့ ပုံပန်းသဏ္ဍန်က ဘယ်လောက်ပဲ ဟိတ်ဟန် ကောင်းနေပါစေ Ability ဆိုတဲ့ လုပ်နိုင်စွမ်းကသာ အဆုံးအဖြတ် ပေးနိုင်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ သက်တန့်ချို

Post a Comment

0 Comments