တနေ့တုန်းက MMA လက်ဝှေ့နဲ့ ပတ်သတ်တဲ့ သတင်းတပုဒ် အမှတ်မထင် ဖတ်လိုက်မိတယ်။ အဲ့ဒီထဲက ကစားသမားတယောက် ပြောသွားတဲ့ စကားက တော်တော်လေး မှတ်သားစရာတွေ ပါနေလို့ ပြန်ပြီး မျှဝေပေးချင် ပါတယ်။
သတင်းက ကစားသမားတယောက်က တခြားကစား တယောက်ကို စိန်ခေါ်တဲ့ သတင်းပါ။ စိန်ခေါ်ခံရတဲ့ ကစားသမားက MMA ကစားသမားဘဝမှာ တပွဲမှ ရှုံးပွဲမရှိဘဲ ပြီးခဲ့တဲ့ နှစ်ကမှ အနားယူသွားတဲ့ ကစားသမား။
အဲ့ဒါကို သူက ဘယ်လို စိန်ခေါ်လဲ ဆိုတော့ "သတ္တိရှိရင် ကြိုးဝိုင်းထဲ ပြန်လာခဲ့ပေါ့။ သူနဲ့ ပြန်ထိုးမယ်ပေါ့။ မလာရင် ရှုံးမှာကြောက်လို့ပဲပေါ့ (ရှုံးပွဲမရှိ စံချိန်ပျက်မှာ ကြောက်တာကို ဆိုလို) ရှုံးမှာကြောက်လို့ ထွက်ပြေးနေတယ် ဆိုကတည်းက မပြိုင်ခင် ရှုံးနှင့်နေပြီးသားပဲပေါ့"
ပြီးတော့ သူက ဆက်ပြောတယ်။ သူကတော့ မကြောက်ဘူးပေါ့။ တနေ့ကျရင် သေခြင်းတရား ဆိုတဲ့ အရာကြီးက ငါတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်သွားမှာပဲပေါ့။
အဲ့ဒီအခါကျရင်လည်း ဆုံးရှုံးရမယ့် အတူတူ သူကတော့ ဘာကိုမှ ကြောက်မနေဘူးလို့ ပြောတယ်။
သူအဲ့ဒီလိုပြောတာ ဖတ်လိုက်ရတော့ ကျွန်တော် တော်တော်လေး အားတက်သွားတယ်။ အရင်က ရှုံးမှာကြောက်လို့၊ လူတွေကိုယ့်ကို တမျိုးမြင်မှာစိုးလို့ ဆိုပြီး မလုပ်ဖြစ်တဲ့ အရာတွေ ပြန်ပြီး လုပ်ဖြစ်ဖို့ သတ္တိတွေ ရှိသွားတယ်။
စာတွေ စရေးခါစကဆိုရင်လည်း "လူတွေ ငါ့ကို ဘယ်လိုမြင်မလဲ၊ ငါ့စာတွေဖတ်ပြီး တရာဖိုး သုံးပုဒ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ" စတဲ့ အတွေးပေါင်းစုံနဲ့ ရေးရင် ကောင်းမလား၊ မရေးရင် ကောင်းမလားနဲ့ အမြဲချိတုံချတုံ ဖြစ်ခဲ့တယ်။
တနည်းအားဖြင့် ကျွန်တော်ဟာ ကျရှုံးမှာ၊ ဆုံးရှုံးမှာကို ကြောက်နေတာပါ။ ဒီစိတ်ကြောင့် မလုပ်ဘဲ နေရင် ကျွန်တော်ဟာ အလိုလို ကျရှုံးနေပြီးသား ဖြစ်နေမှာပါ။
အဲဒီတော့ MMA ကစားသမားပြောသလို တနေ့ သေတဲ့အခါကျရင်လည်း အရာအားလုံး ဆုံးရှုံးရမယ့် အတူတူ ကျွန်တော်ကတော့ ဘယ်အရာကိုမှ ဆုံးရှုံးမှာ ကြောက်လို့ဆိုပြီး မလုပ်ပဲ နေမှာ မဟုတ်တော့ပါဘူး။
မိတ်ဆွေတို့လည်း ဒီလိုစိတ်မျိုးမွေးပြီး ကိုယ်လုပ်ချင်တဲ့ အလုပ်မှန်သမျှ၊ ဆုံးရှုံးမှာကြောက်လို့ ဆိုပြီး မလုပ်ရဲတဲ့ အလုပ်မှန်သမျှကို သတ္တိရှိရှိနဲ့ လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ Crd
0 Comments