မှီခိုထိုင်စားမိန်းမများ

မှီခိုထိုင်စား ဘဝကို မြင်တွေ့သူတွေက "ဟယ် ကုသိုလ် ကောင်းလိုက်တာ အေးဆေး ထိုင်စားယုံပဲ" တဲ့။ ကျွန်မ မကြိုက်ဆုံးစကားပါ။ ဘယ်မှီခို မိန်းမ မဆို ဆင်းရဲချမ်းသာမရွေး အလုပ်ကိုယ်စီ ရှိပါတယ်။

အိမ်မှုကိစ္စ မိသားစုအရေး ဘာမှ လုပ်စရာမလိုပဲ ထိုင်စားယုံ သက်သက် ဘယ်ယောကျာ်းမှ ရှာမကျွေးပါဘူး။ ကျမ မမြင်ဖူးတာလည်း ပါမှာပေါ့လေ။

သေချာတာတော့ မှီခိုထိုင်စား ဘဝမှာ ရှိနေတဲ့ မိန်းမတွေ လိုသလောက် ငွေကို ရှာကျွေးသူတွေက ဗုန်းပေါလဟော ရက်ရက်ရောရော ပေးနေကြတာလဲ မဟုတ်ပါဘူး။

ပင်ပင်ပန်းပန်း ရှာဖွေ ကျွေးမွေးရသလို အငုံစိတ်ကလေး အမြဲရှိကြတဲ့ သူတို့ရဲ့ လက်သုံးစကား မျိုးစုံကို နားရည် ဝအောင် ခံနိုင်ရည်ရှိမှ လက်ထဲ ပိုက်ဆံ ရောက်တာပါ။

အိမ်မှုကိစ္စ မှန်သမျှလည်း ကြည့်လိုက်ပါအုံး။ မျက်စိနှစ်လုံး မဖွင့်ခင် ကတည်းက စလို့ အစီအစဉ် ဆွဲပြီး ကိုယ်လက်ခန္ဓာ တခုပြီးတခု စည်းချက်မှန်မှန် လုပ်လိုက်ရတာ ညရောက်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှပဲ အနားရတာပါ။

ကဲဒါ မှီခိုထိုင်စား ဘဝတဲ့လား။ အိမ်မှုကိစ္စများကို ကူလုပ်သော ရှာကျွေးသူကြီးများ ကျွန်မ မြင်ဖူးပါတယ်။ အမောပြေလောက်အောင် အလိုက်တသိ ချီးကျူးတတ်သော အိမ်ထောင်ဦးစီး များလည်း မြင်ဖူးပါတယ်။

တချို့သော မှီခိုထိုင်စားတွေ ကံကောင်းကြသလို ကံမကောင်းတာလည်း ရှိပါတယ်။ ထမင်း မငတ်အောင် လူတိုင်း လုပ်ကိုင်စားသောက် နိုင်ပါတယ်။

အိမ်ထောင်ရက်သား ကျလို့ သားသမီးအိမ်မှုကိစ္စ တာဝန်နှင့် ကိုယ်ခွဲ မရှိတာကြောင့် စတဲ့ အကြောင်းအမျိုးမျိုးကြားမှာ ဒီလိုမှီခို ဘဝကို နေထိုင်ကြရတာပါ။

လိုအပ်တဲ့ ပိုက်ဆံကို ပေးပါအုံးလို့ တောင်းသုံးရတာ မလွယ်သလို ရလာတဲ့ ပိုက်ဆံကိုလည်း ကိုယ့်အတွက် သုံးရမှာ အလွန်ဝန်လေး ခက်ခဲတယ် ဆိုတာ ကျွန်မတို့လို မှီခိုထိုင်စားတွေ သိမှာပါ။

မခံချင်ဆုံး အရာကတော့ ကျွန်မတို့ရဲ့ အချိန် ဘဝ ရင်းပြီး အပင်ပန်းခံ သံယောဇဉ်ထား တည်ဆောက်ထားတဲ့ မိသားစု နောက်ကွယ်မှာ နေချင်သလိုနေ သစ္စာတွေဖောက် နောက်တယောက် ဖြစ်လာကြတဲ့ အခါ

ရှာကျွေးသူတို့က ဟစ်နေတဲ့ ငါတို့မိသားစု ထိခိုက်အောင် လုပ်လို့လား၊ မင်းတို့ကို ကောင်းကောင်းမွန်မွန် ရှာကျွေးနေတာပဲ ဆိုတဲ့ ကြွေးကြော်သံတွေပါ။

ငွေမရှာနိုင်ပေမဲ့ ကိုယ့်တာလုံဖို့ မှီခိုသူတိုင်း ကြိုးစားကြ ရပါတယ်။ ကိုယ်စီ အရည်အချင်း ရှိကြတဲ့ လူသား အချင်းချင်းကို ဘာကြောင့် နှိမ်ချင်ကြ ပါသလဲ။

ကျွန်မတို့ အိမ်ရှင်မတွေက အိမ်ကို မိသားစုကို ရှင်သန်အောင် တာဝန်ယူရတာပါ။ လိုအပ်ချက်များလှသော အိမ်ထောင်မှုများကို ဟန်ချက်ညီညီ တည်ဆောက်ရသူ တွေပါ။

ပိုက်ဆံရှာသူတွေ ရှာပေးလိုက်ယုံနဲ့ အရာရာ အဆင်တပြေ အားလုံး ဖြစ်လာဖို့ ထွန်းကားလာတဲ့ သိပ္ပံပညာ နဲ့တောင် ဖန်တီးလို့မရသေးပါဘူးရှင်။ ဒီတော့ မှီခိုထိုင်စား မိန်းမများကို အထင်သေး အမြင်သေး မပြုပါနဲ့လို့ ပြောပါရစေ။ Crd

Post a Comment

0 Comments