ပြတင်းပေါက်မှန်နှင့် ကြည့်မှန်

တနေ့မှာ အိမ်ရှေ့မင်းသားတပါးဟာ နန်းတွင်း ပညာရှိအမတ်ကြီးရဲ့ အိမ်ကို သွားလည်တယ်။ သူဟာ သူ့ဖခင်ဘုရင်ကြီး ကွယ်လွန်ရင် ထီးနန်း အရိုက်အရာကို ခံယူရမယ့်သူပါ။

ဒါပေမဲ့ သူဟာ မာန်မာန မရှိသလို သူ့မှာ သိစရာ တတ်စရာ ပညာတွေ အများကြီး လိုသေးတယ်လို့ ခံယူထားတယ်။

ပညာရှိအမတ်ကြီးနဲ့ တွေ့တော့ သူနန်းတက်ပြီး ဘုရင်ဖြစ်လာရင် ဘယ်လိုပြုမူ နေထိုင်ရမယ် ဆိုတာကို အကြံပေးဖို့ မင်းသား က ပြောလိုက်တယ်။ ဒီတော့ အမတ်ကြီးက အခုလို ပြောလိုက်တယ်။

"အရှင်မင်းသား၊ ဟိုနားက ပြတင်းပေါက်မှန်ကနေ အပြင်ဖက်ကို လှမ်းမျှော်ကြည့်လိုက်ပါ။ ပြီးရင် ဘာတွေများ မြင်တွေ့သလဲဆိုတာ ပြောပြစမ်းပါ"

မင်းသားလည်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ အမတ်ကြီးဘက် လှည့်ပြီး အခုလို ပြောလိုက်တယ်။ "လမ်းပေါ်မှာ လူတွေ သွားလာနေကြတယ်။ လမ်းဘေးမှာ သူတောင်းစားတယောက်က လမ်းသွားလမ်းလာတွေကို တောင်းရမ်းနေတာကိုလည်း တွေ့ရပါတယ် ဘိုးဘိုး"

အမတ်ကြီးက မင်းသားကို အခန်းထောင့်မှာ ထောင်ထားတဲ့ မှန်ချပ်ကြီးဆီ ခေါ်သွားပြီး အခုလို ပြောလိုက်ပြန်တယ်။ "အရှင်မင်းသား၊ အခု မှန်ကို ကြည့်လိုက်ပါ။ ပြီးရင် ဘာမြင်သလဲဆိုတာ ပြောပြစမ်းပါအုံး" "ကျနော့်ရဲ့ ရုပ်ပုံကိုပဲ မြင်ပါတယ်"

"ဟုတ်တယ်၊ မှန်ထဲမှာ အရှင်မင်းသားရဲ့ ပုံကိုပဲ မြင်ရတယ်။ တခြားသူတွေကို မမြင်ရဘူး။ မှန်တယ်နော်" "မှန်ပါတယ် ဘိုးဘိုး"

"မှန်နဲ့ ပြတင်းပေါက်တွေဟာ ဖန်သားနဲ့ လုပ်ထားကြတယ်နော်။ ဒါပေမဲ့ သူတို့ အလုပ်လုပ်ပုံတွေ မတူကြဘူး။ ဖန်သားပြင်ကို ဘာမှ မသုတ်ထားတဲ့ ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် တခြားသူတွေကို ဖေါက်ထွင်းပြီး မြင်ရတယ်။ မှန်ကျတော့ ပြဒါးသုတ်ထားလို့ ဖေါက်ထွင်း မမြင်ရဘူး။ အရှင်မင်းသားရဲ့ ပုံရိပ်ကိုပဲ မြင်ရတယ်" "ဆက်ရှင်းပြပေးပါ ဘိုးဘိုး"

"ဆိုလိုတာက မှန်ကို ပြဒါးသုတ်ထားလို့ ဖေါက်ထွင်း မမြင်ရသလို ရာထူးအာဏာ ငွေကြေးတွေတွေက အရှင်မင်းသားကို ဖုံးကာထားလို့ အရှင်မင်းသားဟာ တိုင်းသူပြည်သားတွေရဲ့ အခြေအနေမှန်ကို သိမှာ မဟုတ်ဘူး။

အရှင်မင်းသားဟာ ရာထူးအာဏာ ငွေကြေးတွေနဲ့ ယစ်မူးမာန်တက်နေရင် နန်းတော်အပြင်မှာ ဘာဖြစ်နေတယ် ဆိုတာကို မသိနိုင်ဘူး" "ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ဘိုးဘိုး"

"အင်း အရှင်မင်းသားဟာ ရာထူး အာဏာ ငွေကြေးတွေနဲ့ ယစ်မူးခြင်းမရှိမှ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး မြင်နိုင်သလို တိုင်းသူပြည်သားတွေရဲ့ အခြေအနေမှန်ကို သိမယ်။ ဒါမှလည်း တိုင်းသူ ပြည်သားတွေကို ရင်ဝယ်သားလို ပိုက်ပြီး အုပ်ချုပ်နိုင်မယ်။ သူတို့အပေါ် အကြင်နာမေတ္တာ ထားနိုင်မယ်"

"ရှင်းပြပေးတာ ကျေးဇူးကြီးလှပါတယ် ဘိုးဘိုး။ ကျနော် နန်းတက်ရင် ပြတင်းပေါက်က ကြည့်ပြီး အုပ်ချုပ်ပါမယ်။ မှန်ကြည့်ပြီး မအုပ်ချုပ်ပါဘူးလို့ ကတိပေးပါတယ်" "ကောင်းလေစွ ကောင်းလေစွ၊ အရှင်မင်းသား ဘုန်းကြီးလို့ အသက်ရှည်ပါစေ" Crd BM TheinPhe

Post a Comment

0 Comments