တခါတုန်းက ပညာရှိအဖိုးအို နေထိုင်တဲ့ စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတယောက် ရောက်လာတယ်။
"အဖိုး ကျွန်တော် အဖိုးကို တခု မေးပါရစေ"
"မေးပါ လူလေး"
"ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ ရွာကလေးမှာ နေတဲ့ ရွာသားတယောက်ပါ။ ကျွန်တော့်ကို တရွာလုံးက ဝိုင်းနှိမ်ကြပါတယ်အဖိုး။ ကျွန်တော့်ကို ဆင်းရဲလို့လည်း နှိမ်ကြတယ်။ ရုပ်ဆိုးလို့လည်း နှိမ်ကြတယ်။ အရပ်ပုလို့လည်း နှိမ်ကြတယ်။
ကျွန်တော့်ရဲ့ မျိုးရိုးကိုလည်း နှိမ်ကြတယ်။ ကျွန်တော်က သဘောထား ပြည့်ဝပါတယ်။ ဒါပေမယ့် ကျွန်တော် အရမ်းကို ဒေါသ ထွက်ရပါတယ်။ အဲဒီအတွက် ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ အဖိုးကို လာမေးတာပါ"
"လူလေး တကယ် သဘောထား ပြည့်ဝရဲ့လား"
ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဘက် ခေါ်လာခဲ့တယ်။ စမ်းချောင်းအစပ် ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကို ရေဖြည့်ပြီး ကျောက်တုံးတတုံးကို ထည့်လိုက်တယ်။
အဲဒီအခါ ရေတွေဟာ ဇလုံရဲ့ အပြင်ဖက်ကို လျှံကျလာတာ တွေ့လိုက်ရတယ်။ ပြီးတော့ အဖိုးအိုက အရွယ်အစားကြီးတဲ့ ကျောက်တုံးတတုံးကို ယူပြီး စမ်းချောင်းထဲ ပစ်ချလိုက်တယ်။
စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ် ဖြစ်ပြီး ခဏကြာတော့ ငြိမ်သက်သွားတယ်။ အဖိုးက ရွာသားလေးကို ပြောလိုက်တယ်။
"ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲက ရေလား၊ ဇလုံထဲက ရေလား။ ကိုယ့်ကိုယ်ကို စမ်းချောင်းထဲက ရေလို့ သဘောထားခဲ့ရင်ဘာလို့ တဖက်သားက ကျောက်ခဲ သေးသေးလေး ပစ်ထည့်လိုက်တာနဲ့ ဇလုံထဲက ရေလို လျှံကျချင်နေ ရတာလဲ" တဲ့။
သင်ခန်းစာ။ ။ သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲက ရေလို ကြည်လင် အေးမြနေတယ်ဆိုရင် တပါးသူရဲ့ မနာလို ဝန်တို တိုက်ခိုက်မှု ကျောက်တုံး သေးသေးလေးတွေကြောင့် အနှောက်အယှက် မဖြစ်ပါစေနဲ့။
ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ် ဆိုရင် သူတပါးကြောင့်လှိုင်းထတယ် ဆိုရင်လည်း ခဏတာပါပဲ။ ဘယ်တော့မှ ဇလုံထဲက ရေလို လျှံမကျမိပါစေနဲ့။
စိတ်သဘောထား ပြည့်ဝတဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့် ကိုယ့်စိတ်ကို လှိုင်းမထစေရပါဘူး။ Crd
0 Comments