စိတ်ဓာတ်ကျနေဖို့မလိုပါဘူး

တခါတုန်းက ရွာလေးတရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတဦး ရှိပါတယ်။ ထင်းခုတ်သမားဟာ တောထဲက ခုတ်လို့ရတဲ့ ထင်းတွေကို ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်။

သစ်ခုတ်သမားဟာ သူနေဖို့ အိမ်ကလေးတလုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေး ဆောက်လုပ်ခဲ့တယ်။ အိမ်ကလေးက မကြီးပါဘူး။ တကယ့်ကို မိုးလုံလေလုံကလေး ဖြစ်ပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လို့ရတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းတွေအဖြစ် မြို့ထဲ သွားရောင်းပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ်။

လူတွေက ဝိုင်းပြီး မီးငြှိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တခုလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်။ ထင်းခုတ်သမားက အလွန်ဝမ်းနည်းသွားပြီး ငေးပဲ ကြည့်နေခဲ့ရတယ်။

မီးတွေ အကုန်လောင်သွားပြီးတော့ အိမ်တလုံးလုံး ပြာတွေအဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲ တိုးဝင်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်။

လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ ရှာနေတယ်လို့ပဲ တွေးနေမိကြတယ်။ အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရ အော်လိုက်တယ်။

"တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက်လာတယ်။ ပြီးတော့ သူက လူတွေဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။

"ဒီပုဆိန်တလက်သာ ရှိမယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီးတလုံး ကျနော် ပြန်ဆောက်နိုင်ပါတယ်" လို့ ဝမ်းသာအားရ ပြောလိုက်ပါတယ်။

ကျနော်တို့တွေ ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေကို ဝမ်းနည်းပူဆွေး ငိုးကြွေးနေကြမှာလား။ အရှုံးဆိုတာ ကိုယ်ကအရှုံးလို့ လက်မခံသရွေ့ မရှုံးနိမ့်သေးပါဘူး။ ကိုယ့်ရဲ့ ခံယူမှု၊ လုံ့လ၊ ကြိုးစားလိုစိတ် တွေကသာ ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်မှာပါ။

အရှုံးဆိုတာကို လက်မခံပါနဲ့ဦး။ အားသစ်လောင်းလို့ အသစ်တဖန် ပြန်လည်စတင် ကြိုးစားလိုက်ကြပါစို့။ Crd

Post a Comment

0 Comments