တခါတုန်းက ပညာရှိပုဂ္ဂိုလ်တဦးဟာ နာမည်ကျော်ကြားလှတဲ့ ဘုရင်ကြီးတပါးရဲ့ မြို့တော်ထဲမှာ ဖြတ်လျှောက်သွားပါတယ်။ သူလျှောက်နေတုန်း လမ်းပေါ်မှာ ငွေဒင်္ဂါးပြား တပြားကို သတိပြုမိပါတယ်။
သူဟာ ရိုးစင်းတဲ့ ဘဝကိုသာ ပျော်မွေ့လေတော့ ဒီဒင်္ဂါးပြားဟာ သူ့အတွက်တော့ ဘာမှ အသုံးမဝင်ဘူးပေါ့။ ဒါကြောင့် သူက ဒီဒင်္ဂါးပြားကို အသုံးဝင်မယ့်သူ တယောက်ကို ပေးဖို့ စဉ်းစားလိုက်ပါတယ်။
သူဟာ တနေ့လုံး လျှောက်သွားပေမဲ့ တယောက်မှ ရှာမတွေ့ပါဘူး။ နောက်ဆုံး မြို့ရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိသွားပြီး အဲဒီမှာပဲ ညအိပ်လိုက် ပါတော့တယ်။
နောက်တနေ့မနက်မှာ သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ နိုးထလာပြီး တခြားပြည်နယ်မှာ စစ်တိုက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ တပ်တတပ်နဲ့အတူ ဘုရင်တပါးကို သူတွေ့လိုက်ပါတယ်။ ဘုရင်ကြီးက ပညာရှိပုဂ္ဂိုလ်ကို ရပ်နေတာ မြင်တော့ သူ့စစ်တပ်ကို ရပ်ဖို့ အမိန့်ပေးလိုက်တယ်။
သူက ပညာရှိပုဂ္ဂိုလ်ထံ သွားပြီး "အို ပညာရှိကြီး ကျုပ်ရဲ့နယ်မြေ ကျယ်ပြန့်လာစေဖို့ နောက်ထပ် ပြည်နယ်တခုကို အောင်နိုင်ဖို့ စစ်တိုက်ထွက်ပါမယ်။ ဒါကြောင့် ကျုပ်ကို အောင်မြင်အောင် ကောင်းချီးပေးပါလေ" လို့ ပြောပါသတဲ့။
ထိုအခါ ပညာရှိပုဂ္ဂိုလ်ဟာ စဉ်းစားလိုက်ပြီး ငွေဒင်္ဂါးပြားကို ဘုရင်ကြီးထံ ပေးလိုက်ပါတယ်။ ဘုရင်ကြီးလည်း နားမလည် ဖြစ်သွားပါတယ်။
သူဟာ အချမ်းသာဆုံး ဘုရင်တပါးဖြစ်ပြီး ဒီလို ငွေဒင်္ဂါးတပြားဟာ သူ့အတွက် ဘာမှ အသုံးမဝင် တာကြောင့် စဉ်းစားရ ခက်သွားပါတယ်။ "ဒီဒင်္ဂါးက ဘာအဓိပ္ပာယ်ပါလဲ" လို့ ဘုရင်ကြီးက စိတ်ဝင်တစား မေးလိုက်ပါတယ်။
"အို အရှင်မင်းမြတ်၊ အရှင့်ရဲ့ မြို့မှာ ကျွန်ုပ်လမ်းလျှောက်သွားရင်း ဒီဒင်္ဂါးပြားကို မနေ့က တွေ့ခဲ့တာပါ။ ဒါပေမဲ့ အကျွန်ုပ်မှာ သုံးစရာ မရှိပါဘူး။ ဒါကြောင့် လိုအပ်တဲ့သူ တယောက်ယောက်ကို ပေးမယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ညနေခင်းအထိ လျှောက်ရှာပေမယ့် တယောက်မှ မတွေ့ခဲ့ပါဘူး။ လူတိုင်းဟာ သာယာပျော်ရွှင်တဲ့ ဘဝလေးမှာ နေထိုင်နေ ကြပါတယ်။ လူတွေအားလုံးဟာ သူတို့ ပိုင်ဆိုင်ထားတဲ့ ဘဝမှာ ကျေနပ်ပျော်ရွှင် နေကြပုံပါပဲ။ ဒါကြောင့်မို့ ဒီဒင်္ဂါးပြားလေးကို ပေးဖို့ လူမတွေ့ခဲ့ပါဘူး။
ဒါပေမဲ့ ဒီနေ့တော့ ဒီနယ်မြေရဲ့ ဘုရင်ကြီးမှာ နောက်ထပ် လိုချင်ဆန္ဒတွေ ရှိနေပြီး သူ့မှာ ရှိနေတဲ့ အရာနဲ့ မကျေနပ်နိုင်တာကို တွေ့ရတော့ ဒီဒင်္ဂါးပြားကို အရှင်မင်းမြတ် လိုအပ်လိမ့်မယ်လို့ တွေးမိလို့ပါ" လို့ ပညာရှိပုဂ္ဂိုလ်က ဖြေရှင်းပါတယ်။
ထိုအခါမှာတော့ ဘုရင်ကြီးလည်း သူ့အမှားကို နားလည်သွားပြီး စစ်တိုက်မယ့် အစီအစဉ်ကို လက်လျှော့လိုက် ပါတယ်။
ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ ကျွန်တော်တို့ လူသားတွေဟာ ကိုယ့်မှာရှိတဲ့ အရာနဲ့ ပျော်ရွှင်စွာ နေတတ်ဖို့ သင်ယူသင့်ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံး ရှိတာထက် ပိုကောင်းချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ရရှိထားတဲ့ ဘဝရဲ့ပျော်ရွှင်မှုကို ခံစားရမယ့် အခွင့်အရေးကိုတော့ မဖြုန်းတီးပစ်ပါနဲ့။
သင့်မှာရှိတာတွေတောင်မှ မရရှိတဲ့ သူတွေ ရှိသလို သင့်ထက်ပိုပြီး များစွာ ပိုင်ဆိုင်နေရတဲ့ သူတွေလည်း ရှိပါတယ်။ အမြဲတမ်း နှိုင်းယှဉ်မနေဘဲ ပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုသာ ဦးတည်သွားသင့်ပါတယ်။ Crd
0 Comments