ချစ်ခြင်းမေတ္တာသာ အရေးအကြီးဆုံး

စီးပွားရေးလောကမှာ ကျနော် စတိဗ်ဂျော့စ် (Steve Jobs) ဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများတကာ မျက်လုံးထဲမှာတော့ ကျနော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့။

သို့ပေမယ့် အလုပ်ပြင်ပမှာ ကျနော့်အတွက် ပျော်ရွှင်စရာဆိုတာ မရှိ။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကျနော့်အဖို့ ထူးပြီးမဆန်းတဲ့ ကိစ္စ၊ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတခုသက်သက်ပါပဲ။

နေထိုင်မကောင်းလို့ အိပ်ရာထဲ လဲနေရတဲ့ အခုလိုအချိန်မှာ ကျနော့်ဘဝကို ပြန်စဉ်းစားကြည့်တော့ ကျနော် အင်မတန် ဂုဏ်ယူခဲ့တဲ့ ဓနဥစ္စာကြွယ်ဝမှုနဲ့ လူအများရဲ့ အသိအမှတ်ပြုမှုဆိုတာတွေ မှေးမှိန်သွားပြီးတော့ သေခြင်းတရားရဲ့မျက်မှောက်မှာ ဒါတွေအားလုံး အဓိပ္ပါယ် မဲ့သွားတယ်။

အမှောင်ထဲမှာ ကျနော့်အသက်ကို ထောက်ကူပြုထားတဲ့ စက်ကိရိယာတွေ ဆီကလာတဲ့ အစိမ်းရောင်မီးကို ကြည့်နေမိတယ်။ ဒီစက်တွေကလာတဲ့ အသံကို ကြားနေရတယ်။ အနားတိုးလာတဲ့ သေမင်းတမန်ရဲ့ ပင့်သက်ကို ခံစားလို့ရတယ်။

အခု ကျနော် သိသွားပြီ။ ဘဝအတွက် ဖူလှုံတဲ့ ဥစ္စာဓန ကြွယ်ဝမှုရှိပြီဆိုရင် ငွေကြေးဥစ္စာနဲ့ မဆိုင်တဲ့ အခြားအရာတွေနောက်ကို လိုက်သင့်တယ်။ ဘဝအတွက် အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရပ်မျိုးတွေ နောက်ကို လိုက်သင့်တယ်။

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ်၊ အနုပညာအလုပ်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ငယ်ငယ်က ရူးသွပ်ခဲ့တဲ့ စိတ်ကူးယဉ်အိမ်မက်ပဲ ဖြစ်ဖြစ်ပေါ့။

ငွေကြေးနောက်ကိုပဲ မဆုံးတမ်းလိုက်တဲ့အခါ ကျနော့်လိုမျိုး လူသားမဆန်တဲ့ လူ ဖြစ်လာပါလိမ့်မယ်။ လူသားတိုင်းအတွက် ချစ်ခြင်းမေတ္တာကို ခံစားတတ်တဲ့ နှလုံးသား ဘုရားသခင်က ပေးထားတယ်။ ချမ်းသာကြွယ်ဝမှုက ယူဆောင်လာတဲ့ အတုအယောင်တွေ နောက်ကို မလိုက်ကြပါနဲ့။

ကျနော် ရှာဖွေစုဆောင်းခဲ့တဲ့ ဥစ္စာဓနတွေကို ကျနော် ယူသွားလို့မရဘူး။ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ အမှတ်တရလေးတွေကိုသာ ကျနော် ယူဆောင်သွားနိုင်တာပါ။

အဲဒီဟာကမှ ကိုယ်နဲ့တပါတည်း လိုက်ပါလာမယ့်၊ ကိုယ့်ကို အဖော်လုပ်ပေးမယ့်၊ ကိုယ့်အတွက် ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းကို ပေးမယ့် တကယ့် ချမ်းသာမှုဖြစ်တယ်။

ချစ်ခြင်းမေတ္တာဟာ မိုင်ထောင်ချီ သွားနိုင်ပါတယ်။ ဘဝဆိုတာ အဆုံးမဲ့ပါ။ ကိုယ်သွားချင်တဲ့ နေရာကို သွားပါ။ ကိုယ်တက်လှမ်းချင်သလောက် တက်လှမ်းပါ။

ဒီလိုလုပ်နိုင်စွမ်းဟာ သင့်ရဲ့ နှလုံးသား၊ သင့်ရဲ့လက်ထဲမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အိပ်ရာက ဘယ်အိပ်ရာလဲ သိသလား။ သင် သေခါနီး လဲလျောင်းရတဲ့ အိပ်ရာပါပဲ။

လူတယောက်ကို အခကြေးငွေပေးပြီး သင့်ကားကို မောင်းနှင်စေလို့ ရတယ်၊ ငွေရှာခိုင်းလို့ ရမယ်။ ဒါပေမယ့် သင် ခံစားနေရတဲ့ ရောဂါဝေဒနာကိုတော့ ဘယ်သူကမှ အစား ဝင်ခံစားပေးနိုင်မယ် မဟုတ်ဘူး။

ပျောက်ဆုံးသွားတဲ့ ပစ္စည်းဥစ္စာကို ပြန်ရှာတွေ့နိုင်တယ်။ ဒါပေမယ့် ပျောက်သွားရင် ပြန်ရှာလို့မရနိုင်တာ တခုပဲ ရှိတယ်။ ဘဝ။ လူတယောက် ခွဲစိပ်ခန်းထဲ ဝင်ရတဲ့အခါ သူ့ဘဝမှာ မဖတ်ရသေးတဲ့ စာအုပ်တအုပ် ရှိတယ်ဆိုတာ သူ သဘောပေါက်မိ ပါလိမ့်မယ်။ ကျန်းမာသောဘဝအကြောင်း စာအုပ်ပေါ့။

ကျနော်တို့ဟာ ဘဝရဲ့ ဘယ်အရွယ်မှာ ရောက်နေပါစေ တချိန်ချိန်မှာ ကန့်လန့်ကာ ကျလာမယ့်နေ့နဲ့ ရင်ဆိုင်တွေ့ရမှာ ပါပဲ။

ကိုယ့်မိသားစုအပေါ်ထားတဲ့ မေတ္တာ၊ ကိုယ့်ကြင်ဖော်အပေါ် ထားတဲ့ ချစ်ခြင်း၊ သူငယ်ချင်း မိတ်ဆွေတွေအပေါ်မှာ ထားရှိတဲ့ ချစ်ခင်ခြင်းတွေကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ တပါးသူကိုလည်း တန်ဖိုးထားပါ။ Crd

Post a Comment

0 Comments