မြင်းလိုလူတွေ မဖြစ်ကြပါစေနဲ့

တခါတုန်းက ကုန်သည်တယောက်က မြည်းတကောင်၊ မြင်းတကောင်နဲ့အတူ ကုန်ရောင်းကုန်ဝယ် ထွက်ခဲ့တယ်။ မြည်းက ကုန်စည်တွေ သယ်ဖို့နဲ့ မြင်းကတော့ သူစီးဖို့ပေါ့။

မြင်းက ကုန်သည်ကိုပဲ သယ်ပိုးရပြီး မြည်းမှာတော့ ရောင်းမယ့် ကုန်စည်အများကြီး သယ်ပိုးထားရတယ်။ မြည်းဟာ ခရီးပန်းလွန်းတာရယ် သယ်ရတဲ့ ကုန်စည်တွေ များလွန်းတာရယ်ကြောင့် အားအင်ချည့်နဲ့ပြီး နေမကောင်း ဖြစ်လာတယ်။

ဒါကြောင့် သက်တောင့်သက်သာ သွားနေတဲ့ မြင်းကို "အဆွေမြင်း ကျွန်ုပ် နေမကောင်းလို့ ကုန်စည်နည်းနည်းလောက်လေး မျှသယ်ပေးပါလားဗျာ" လို့ တောင်းပန်သတဲ့။

တကိုယ်ကောင်းဆန်တဲ့ မြင်းက "မသယ်ပေးနိုင်ပါဘူး ကိုယ့်ဟာကိုယ် နိုင်အောင်သယ်" လို့ ပြန်ပြောသတဲ့။

မြည်းဟာ ကြိုးစားပြီး ခရီးဆက်ပေမယ့် နေမကောင်းတဲ့ဒဏ် ပင်ပန်းလွန်းတဲ့ ဒဏ်တွေကြောင့် လမ်းခရီး တဝက်မှာတင် သေဆုံးသွားခဲ့တယ်။

မြည်းသေဆုံးသွားတဲ့အခါ ကုန်သည်ဟာ မြည်းသယ်လာတဲ့ ဝန်စည်စလွယ် အကုန်လုံးသာမက မြည်းရဲ့ အရေခွံနဲ့ အသားခြောက်တွေကိုပါ မြင်းကို သယ်ခိုင်းတာကြောင့် မြင်းဟာ ဆင်းရဲပင်ပန်းကြီးစွာ ခရီးဆက်ရပါတယ်။

ဒီတော့မှ မြင်းဟာ "မြည်း အကူအညီ တောင်းတုန်းကသာ ကုန်စည်နည်းနည်းကူပြီး သယ်ပေးခဲ့ရင် ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး" လို့ နောင်တရ နေပါတော့တယ်။

ကျမတို့ ပတ်ဝန်းကျင်မှာလည်း မြင်းလိုလူတွေ များပါတယ်။ ငါမလုပ်လည်း ဖြစ်တယ် သူသိမ်းကျုံးလုပ်လိမ့်မယ်၊ ငါ သက်သာရင် ပြီးရော ဆိုတဲ့ လူမျိုးတွေ။

မိသားစုထဲမှာ လုပ်ငန်းခွင်ထဲမှာ မြည်းလို တာဝန်သိစိတ် အပြည့်နဲ့ ရှိသမျှအလုပ် သိမ်းကျုံးလုပ်တဲ့သူတွေထက် မြင်းလို ငါမပင်ပန်းရင်ပြီးရော ဆိုပြီး ရေသာခိုလို့ ရသရွေ့ ခိုတတ်တဲ့ သူတွေ ပိုများပါတယ်။

အကယ်၍သာ မိတ်ဆွေက မြင်းလိုလူ ဖြစ်နေခဲ့ရင် မြည်းသာ မရှိတော့ရင် ဆိုတဲ့အတွေး တွေးကြည့်လိုက်ပါ။ နောက်မှ ပြန်မရနိုင်တဲ့ နောင်တနဲ့ အတူ နှစ်ဆမက ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ဘူးဆိုရင် မြင်းလို စိတ်ထား မထားကြပါနဲ့။

မြင်းလို မဖြစ်ရအောင် ကိုယ့်ဘေးမှာရှိတဲ့ မြည်းလို လူတွေရဲ့ တန်ဖိုးကို အချိန်မီသိပြီး ဝန်ထုပ်ဝန်ပိုး တာဝန်တွေကို မျှတစွာ ခွဲယူပေးနိုင်ကြပါစေရှင်။ နန်းတင်မိုးသူ

Post a Comment

0 Comments