နွားလို မညည်းတွားနဲ့

တခါတုန်းက နွားတကောင်ဟာ လယ်ထွန်ပြီး အိမ်ပြန်လာနားသတဲ့။ ဒါကို မိတ်ဆွေခွေးက သူ့ဆီ လာလည်ပါတယ်။ နွားကခွေးကို တွေ့တော့

"ဟူး မိတ်ဆွေရေ၊ ကျနော်တော့ ဒီနေ့ တအားမောသွားလို့ မနက်ဖြန် တရက်လောက် အနားယူချင် လိုက်တာဗျာ" ဆိုပြီး ညည်းညူမိတယ်။

ခွေးက နွားအိမ်ကနေ ထွက်လာတော့ ကြောင်နဲ့ သွားတိုးတယ်။ အဲဒါနဲ့ခွေးက "ဟေ့ကောင်၊ ခုနက ငါ နွားဆီ ရောက်တယ်။ သူပြောတော့ သူလယ်ထွန်ရတာ တအားမောလို့ တရက်လောက် နားချင်တယ်တဲ့လေ။ အေး သခင်ကြီးကလည်း သူ့ကိုအလုပ်ကြမ်း ပေးတာ များတာကိုး"

ကြောင်ကလည်း ဒီသတင်းကို ဆိတ်ဆီ သွားပြောပြ ပြန်သတဲ့။ "ကိုဆိတ်ရေ၊ နွားကတော့ သခင်က အလုပ်ကြမ်းတွေ တအားဖိပေးလို့ ဆိုပြီး ညည်းညူနေတာတဲ့။ သူအလုပ် ခဏနားပြီးရင် မနက်ဖြန် အလုပ် မလုပ်တော့ဘူး ပြောနေတယ်"

ဆိတ်ကလည်း ကြက်ဆီ သတင်း ပြန်ပြောပြတာပေါ့။ "ကိုကြက်ရေ နွားက သခင်ပေးတဲ့ အလုပ်က တအားကြမ်းလို့ သူ မလုပ်တော့ဘူး ပြောနေတယ်။ အေးလေ နောက်တွေ့မဲ့ သခင်အသစ် သူ့အပေါ် ကောင်းမလား မသိဘူး"

ကိုကြက်ကလည်း ဝက်ကို သွားပြောပြန်တယ်။ "နွားကတော့ သခင့်အတွက် အလုပ် မလုပ်ပေးနိုင် တော့ဘူးတဲ့ဗျို့။ တခြားသခင်ဆီ သွားရှာတော့မယ် ပြောတယ်။ ပြောလဲ ပြောစရာဘဲ၊ ဒီသခင်က နွားကို အလုပ်ကြမ်း လုပ်ခိုင်းပြီး ကြိမ်ပွတ်နဲ့လည်းရိုက်သေးတယ်"

ညနေစောင်းမှာတော့ သခင်မကြီးက ဝက်စာ သွားကျွေးတဲ့အခါ ဝက်က "သခင်မကြီး၊ သခင်မကြီးကို တခု ပြောပြချင်တယ်။ ကျနော် ကြည့်တာ ခုတလော ကိုနွားက သိပ်မဟန်ဘူး။

သူ့ကို သေချာ ပြောပြထားအုံး။ ကျနော် ကြားတာ သူ အလုပ် မလုပ်ချင်တော့ဘူးတဲ့။ သခင်ကြီးက သူ့ကို အလုပ်ကြမ်းခိုင်းပြီး ရိုက်လို့တဲ့။ မနက်ဖြန် သူ တခြားသခင်ဆီ သွားလုပ်တော့မယ်တဲ့"

ဝက်ရဲ့ စကားကို ကြားသိလိုက်တဲ့ သခင်မက ညနေစာ စားတဲ့ စားပွဲဝိုင်းမှာ သခင်ကြီးကို ပြန်ပြောပြလိုက်တယ်။

"အဘိုးကြီး၊ရှင့်နွားက ပုန်ကန်ချင်နေပြီနော်။ သခင်ပြောင်းတော့မယ်တဲ့။ ပုန်ကန်တယ် ဆိုတာ ခွင့်မလွတ်သင့်ဘူး။ တခြားသူတွေကိုလဲ နမူနာ ပြထားပေးမှရမယ်။ ရှင် ဘယ်လို ဒဏ်ခက်ဖို့ စီစဉ်ထားလဲ"

သခင်ကြီးက ကြားတော့ ဒေါသအကြီးကျယ်ထွက်ပြီး "ဒီလို ပုန်ကန်သူတွေကို သေဒဏ်က လွဲပြီး တခြားမရှိဘူး" ဆိုပြီး ပြောပြောဆိုဆို လှံကိုင်ထွက်သွားကာ နွားကို သွားသတ်ပစ်လိုက် လေတော့သတဲ့။

ချစ်သောမိတ်ဆွေ စကားတခွန်းကြောင့် လူတယောက်ကို ရှင်စေနိုင်သလို သေစေနိုင်ပါတယ်။ နွားဟာ တဆင့်စကား ဖောင်းကြွမှုကြောင့် သေခဲ့ရတယ်။

ဒီပုံဥပမာလေးအားဖြင့် (၁) တွေ့သမျှ လူတိုင်းကို သွားမညည်းညူ ပြမနေပါနဲ့။ (၂) တွေ့သမျှလူတွေ ပြောတိုင်း မယုံပါနဲ့၊ စဉ်းစားချင့်ချိန်ပါ။

(၃) အရေးကြီးဆုံးက တဆင့်စကား ကိုယ့်ဆီ ရောက်လာရင် မဖောင်းကြွပါစေနဲ့။ (၄) တဆင့်စကားကို ပိုသေချာစေချင်ရင် ကိုယ်တိုင် ကာယကံရှင်ကို မေးသင့်ပါတယ်။

လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်း ဖြစ်၏။ ထိုသို့နှင့်အညီ လျှာသည် ငါတို့၏ အင်္ဂါတို့တွင် တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။ ဘဝအလင်း

Post a Comment

0 Comments