တခါတုန်းက မြေခွေးတကောင်ဟာ ညမှောင်မှောင်မှာ လှည့်လည် အစာရှာဖွေနေတယ်။ ကံမကောင်းစွာပဲ မြေခွေးဟာ ရေတွင်းဟောင်း တခုထဲ ကျသွားခဲ့တယ်။
ရေတွင်းထဲက ပြန်တက်နိုင်ဖို့ သူအကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဘယ်လိုမှ တက်လို့မရ ဖြစ်နေခဲ့တယ်။ အဲ့ဒါနဲ့ပဲ သူဟာ နောက်တရက် မိုးလင်းလာတဲ့အထိ တညလုံးရေတွင်းထဲမှာ စောင့်ဆိုင်းနေရတယ်။
နောက်တနေ့မှာ ဆိတ်တကောင်ဟာ လမ်းလေးအတိုင်း လမ်းလျှာက်လာရင်း ရေတွင်းထဲက အသံကြားတာနဲ့ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တော့ မြေခွေးကို တွေ့လိုက်ရတယ်။
ဆိတ်က "ကိုမြေခွေး ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်။ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးက "ငါရေသောက်ဖို့ ဆင်းလာတာ။ ဒီရေဟာဟာ ငါသောက်ဖူးတဲ့ ရေတွေထဲမှာ အရသာ အရှိဆုံးပဲ။ လာမြည်းကြည့်ပါဦး" လို့ပြောလိုက်တယ်။
ထိုအခါ ရေငတ်နေတဲ့ ဆိတ်ဟာ ပြန်ထွက်လမ်း ကြည့်ရှုခြင်း၊ ရေ ရှိမရှိ ကြည့်ရှုခြင်း၊ စဉ်းစားခြင်း မရှိဘဲ ရေတွင်းထဲကို ခုန်ချကာ ရေသောက်ဖို့ ကြိုးစားခဲ့တယ်။
ရေတွင်းအောက်ခြေ ရောက်ရှိပြီးနောက် ရေသောက်လို့ ရေက ဘာမှမထူးကြောင်း သိရှိပြီးမှသာ ဆိတ်လည်း မြေခွေး ကဲ့သို့ပင် ရေတွင်းပေါ် ပြန်တက်ရန် အကူအညီ မဲ့နေကြောင်း သိရတော့တယ်။
နောက်တော့ မြေခွေးက "မင်းရဲ့ နောက်ခြေထောက်ပေါ် ရပ်ပြီး ရှေ့ခြေကို ရေတွင်းဘောင်အတိုင်း မြောက်ထားလိုက်။ မင်းခေါင်းပေါ်ကို တက်ပြီး ရေတွင်းထဲက ငါထွက်မယ်။ ငါအပြင်ရောက်မှ မင်းထွက်နိုင်အောင် ငါကူပေးမယ်" လို့ ပြောလိုက်တယ်။
ရိုးအလွန်းတဲ့ ဆိတ်ဟာ မြေခွေးရဲ့ ကောက်ကျစ်တဲ့ စိတ်ထားနဲ့ ဉာဏ်ပညာကို နားမလည်နိုင်ပဲ မြေခွေး ပြောခဲ့သလို လိုက်လုပ်ခဲ့တဲ့အတွက် မြေခွေးဟာ ဆိတ်ရဲ့ခေါင်းကို နင်းပြီး ရေတွင်းမှ တက်နိုင်ခဲ့တယ်။
ရေတွင်းအပြင် ရောက်တာနဲ့ မြေခွေးဟာ ရေတွင်းနဲ့ ဝေးရာကို လမ်းလျှောက် ထွက်ခွာသွားရင်း "မင်းမှာသာ လုံလောက်တဲ့ဉာဏ်ပညာရှိရင် ထွက်လမ်းမရှိတဲ့ နေရာကို ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး" လို့ ဆိတ်ကိုပြောခဲ့တယ်။
သင်ခန်းစာ။ ။ နေရာသစ်တခုကို၊ ပတ်ဝန်းကျင်သစ် တခုကို ခြေစုံပစ် မဝင်ခင် ဘဝသစ်ကို မစခင် ဘက်ပေါင်းစုံက စဉ်းစားပါ။ မျက်မမြင် လမ်းလျှောက်သလို မလုပ်ပါနဲ့။ Crd
0 Comments