တခါတုန်းက သူဌေးတဦးဟာ နာမည်ကြီးတံဆိပ်နဲ့ ကားကိုစီးပြီး ဆင်းရဲသားရပ်ကွက် တခုထဲ အရှိန်နဲ့ မောင်းဝင်လာခဲ့တယ်။ ရပ်ကွက်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတနေရာအရောက် ဆော့ကစားနေတဲ့ ကလေးတသိုက်ကြောင့် ကားအရှိန်ကို သူလျော့လိုက်တယ်။
လူအုပ်ကို ကားကျော်ဖြတ်ချိန်မှာ ရုတ်တရက် ကလေးတယောက်က ကားကို အုတ်ခဲနဲ့ လှမ်းပစ်လိုက်တယ်။ ကားပိုင်ရှင်သူဌေးဟာ ဒေါသတကြီးနဲ့ ကားပေါ်က ဆင်းပြီး အုတ်ခဲနဲ့ ပစ်တဲ့ ကလေးရဲ့ လည်ဂုတ်ကို ဖမ်းဆွဲလိုက်တယ်။
"မင်း ဘာလုပ်လိုက်တာလဲ ပြောစမ်း။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ ဒီကား ဘယ်လောက် တန်ဖိုးရှိတယ် ဆိုတာ မင်းမသိဘူးလား။ ဒီကားကို ပြင်ဖို့ မင်းဘယ်လောက် တတ်နိုင်သလဲ"
ဒေါသတကြီးနဲ့ အော်ငေါက်နေတဲ့ ကားပိုင်ရှင်ကို ကြည့်ပြီး ကလေးငယ်က "ကျွန်တော် မှားသွားပါတယ် ခင်ဗျား။ အုတ်ခဲနဲ့သာ ကျွန်တော် လှမ်းမပစ်ရင် ကားတွေ ရပ်မပေးလို့ အခုလို့ လုပ်လိုက်ရတာပါ" လို့ တောင်းပန်တယ်။
ကလေးငယ်က ဆက်ပြီး "တွန်းလှည်းပေါ်ကနေ ကျွန်တော့်အကို ပြုတ်ကျပြီး ဒဏ်ရာရသွားပါတယ်။ အကို့ကို ကျွန်တော် မမနိုင်လို့ အခုလို လုပ်လိုက်ရတာပါ" လို့ အရည်လဲ့တဲ့ မျက်လုံးနဲ့ တောင်းပန်တော့တယ်။
ကားပိုင်ရှင်သူဌေးဟာ ငိုမဲ့မဲ့ ကလေးငယ်ကို ကြည့်ပြီး သနားသွားမိတယ်။ တွန်းလှည်းပေါ် ပြုတ်ကျနေတဲ့ ဒုက္ခိတ လူငယ်ကိုလည်း တွန်းလှည်းပေါ် ပြန်တင်ပေးပြီး ဒဏ်ရာကို ပွတ်သပ်ပေးလိုက်တယ်။
"ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ" လို့ တွန်းလှည်းတွန်းပြီး ဆုတောင်းထွက်သွားတဲ့ ကလေးငယ်ရဲ့ နောက်ကျောကို ကြည့်ပြီး ကားပိုင်ရှင်ဟာ တစုံတရာကို စဉ်းစားလိုက်မိတယ်။
ကားရှိရာဖက်ကို လေးကန်စွာ လျှောက်လာပြီး အုတ်ခဲမှန်ထားတဲ့ နေရာကိုလည်း မပြင်ဘဲ ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ ချိုင့်နေတဲ့ ခဲမှန်ရာကို ကြည့်ပြီး
"အသက်တချောင်းရဲ့ ခြေလှမ်းဟာ အလှမ်းမြန်ကြောင်းကို ပတ်ဝန်းကျင်က လူတွေ ခဲနဲ့ပစ်ပြီး ကိုယ့်ကို အသိပေးမှ သတိထားမိတာမျိုး မဖြစ်ရအောင်" ချန်ထားလိုက်တယ်။
အလုပ်တွေများ၊ အားလပ်ချိန်တွေ နည်းပြီး ပတ်ဝန်းကျင်က ကိုယ်နှစ်သက်တဲ့လူ၊ ကိုယ့်မိသားစုကို လျှစ်လျှူရှူသလို ဖြစ်နေပြီလား။ ဘေးကနေ တယောက်ယောက်က ခဲနဲ့ ပစ်ပြီး သတိပေးမှ ကိုယ့်ကိုယ် သတိထားမိတာမျိုး မဖြစ်ပါစေနဲ့။
ဘဝရဲ့ အချိန်ဟာ တိုတိုလေးပါ။ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာကို ကြိုတင် မသိနိုင်ခင် လက်ရှိအချိန်မှာ ကိုယ့်ဘေးက လူတွေကို တန်ဖိုးထား ဂရုစိုက်လိုက်ပါ။ phoomyatchal
0 Comments