အချိန်လေး မနှောင်းသေးခင် သိစေချင်ပါတယ်

တကယ်တော့ လူ့ဘဝဟာ အချိန်တိုတိုလေးပါ။ လူတိုင်းသိတဲ့ အရာတခုပေါ့။ ဒါပေမဲ့ ဘယ်လောက်တိုတာလဲ ကျနော်တို့ ဘယ်လောက် ပိုင်ဆိုင်ကြရမလဲ။ ဘယ်နှစ် နှစ်လဲ၊ ဘယ်နှစ်ရက်လဲ၊ ဘယ်နှစ်နာရီလဲ။

လူတိုင်း အတိကျတော့ မသိကြဘူးပေါ့။ ဘယ်သူမှလဲ တွက်မကြည့်ခဲ့မိဘူးလို့ ထင်တယ်။ အများသတ်မှတ်ထားတဲ့ အတိုင်းတာတခုတော့ ရှိတယ် ၇၅ နှစ်တာ သက်တမ်းလို့ ပြောကြတယ်။

တနှစ်မှာ ၃၆၅ ရက် ရှိတယ်။ ၇၅ နှစ်ကို ၃၆၅ ရက်နဲ့ မြှောက်လိုက်ရင် ရက်ပေါင်း ၂၇၃၇၅ ရက် ရတယ်။ ၈၅ နှစ်လို့ ထားလိုက်ကြမယ်ဗျာ။ ၈၅ နှစ်ကို ၃၆၅ ရက်နဲ့ မြှောက်ကြည့်ရင် ရက်ပေါင်း ၃၁၀၂၅ ရက်ရတယ်။

အဲဒီတော့ ကျနော်တို့ အသက် ၈၀ ကျော်တဲ့အထိ နေရရင်တောင် ရက် ၃၀၀၀၀ လောက်ဘဲ ကျနော်တို့ ပိုင်ဆိုင်ကြရမယ်။ ဒီကိန်းဂဏန်းကို ကျနော်တို့ ဘယ်တုန်းကမှ တွက်မကြည့်ခဲ့ဖူးဘူး။

ဒါဆိုရင် ကျနော်တို့ မနက်ဖြန်ရယ် သဘက်ခါရယ်ကို ထားလိုက်။ မနေ့ကရယ် အရင်နေ့တွေကရယ် မသိလိုက် သတိမထားမိလိုက်ဘဲ နေ့ပေါင်းများစွာ ကုန်လွန်ခဲ့ကြပြီ။ ဘာတွေလုပ်ခဲ့ကြလဲ။

ဘာတွေ လုပ်ခဲ့မိပြီလဲ။ ဘယ်လောက် မှန်ခဲ့ကြလဲ။ ဘယ်လောက် မှားခဲ့ပြီးပြီလဲ။ ဘယ်လောက် ချစ်တတ်ခဲ့လဲ။ ဘယ်လောက် မုန်းခဲ့ပြီးပြီလဲ။ ဘယ်လောက် လူပီသခဲ့လဲ။ ဘယ်လောက် လူမဆန်ခဲ့ ပြီးပြီလဲ။

ဘယ်လောက် ကုသိုလ်တွေ လုပ်ခဲ့လဲ။ ဘယ်လောက် အကုသိုလ်တွေ ကြီးခဲ့ပြီးပြီလဲ။ ဒါတွေကို ကိုယ်ပိုင်ဆိုင်ရမဲ့ ရက်နဲ့ ကုန်ဆုံးခဲ့တဲ့ ရက်တွေကို ယှဉ်ကြည် တွေးကြည့်ဖို့ လိုမယ် ထင်ပါတယ်။

ဘာဆက်လုပ်ကြမလဲ။ ကျန်နေသေးတဲ့ ရက်တွေကို ဘယ်လို ဖြတ်သန်းကြမလဲ။

အရင်က မချစ်တတ်ခဲ့ရင် အခု ချစ်တတ်အောင် ကြိုးစားရမယ်။ အရင်က မလိမ္မာခဲ့ရင် အခု လိမ္မာအောင် ကြိုးစားရမယ်။ အရင်က လူသားမဆန်ခဲ့ရင် အခု လူပီသအောင် ကြိုးစားရမယ်။

အရင်က အကုသိုလ်တွေ များခဲ့ရင် အခု ကုသိုလ်ရေးတွေ ပိုကြိုးစားလုပ်ရမယ်။ အရင်က မကောင်းခဲ့ရင် အခု ကောင်းအောင်ကြိုးစားရမယ်။

ဘဝဆိုတာ တိုတိုလေးပါ။ ရက်ပေါင်း ၃၀၀၀၀ လောက်လေးကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး နေထိုင်သွားကြဖို့ လိုအပ်ပါတယ်။ Crd

Post a Comment

0 Comments