တခါတုန်းက အိန္ဒိယနိုင်ငံရဲ့ မြို့ငယ်လေးတမြို့မှာ ဘာသာရေးဂိုဏ်းဆရာ ဂုရုကြီးတယောက် ရှိပါတယ်။ သူ့မှာ တပည့်များစွာလည်း ရှိပါတယ်။ မကြာခဏ ဆရာကြီးကို လာတွေ့ပြီး တရားဆွေးနွေး ကြပါတယ်။
တနေ့မှာတော့ တပည့်တချို့ လာတွေ့ပြီး သူတို့ ဘုရားဖူးသွားမည့် အကြောင်း လာပြောကြပါတယ်။ ဂုရုကြီးက သူတို့ကို ပြုံးပြုံးကြီးကြည့်ပြီး မေးလိုက်ပါတယ်။
"ဘာဖြစ်လို့ ဘုရားဖူး သွားချင်ကြတာလဲ"
"ဘုရားအပေါ် ယုံကြည်မှုတွေ ပိုတိုးလာအောင်လို့ပါ"
"ဒါဆို ငါ့အတွက် တခုလောက် လုပ်ပေးလို့ ရမလား"
"ရပါတယ် ဆရာကြီး"
"ဟော့ဒီ ကြက်ဟင်းခါးသီး တလုံးကို မင်းတို့နဲ့ အတူ ယူသွားပေးပါ။ ဘယ်ဘုရားဖူးဖူး အဲ့ဒီ ကြက်ဟင်းခါးသီး ပါပါစေ။ မင်းတို့ ပြန်လာတဲ့အခါ ငါ့ဆီကို ပြန်ယူလာပေးပါ" လို့ ပြောပြီး အနားမှာရှိတဲ့ ကြက်ဟင်းခါးသီး တလုံးကို တပည့်တွေကို ပေးလိုက်ပါတယ်။
ဒီလိုနဲ့ တပည့်တွေလည်း ဆရာကြီးမှာတဲ့အတိုင်း ကြက်ဟင်းခါးသီးနဲ့အတူ ဘုရားအဆူဆူ ဖူးပါသတဲ့။ ပြန်ရောက်တော့ ဆရာကြီးဆီ သွားပြီး ဘုရားဖူးလာတဲ့ ကြက်ဟင်းခါးသီးကို ပြန်ပေးလိုက်ပါတယ်။
"အတော်ပဲ မင်းတို့ရောက်တုန်း အဲ့ဒီကြက်ဟင်းခါးသီးနဲ့ ငါ့ကို ဟင်းတခွက် ချက်ကျွေးကြပါလား" လို့ ဆရာကြီးက ခိုင်းလိုက်ပါတယ်။ တပည့်တွေကလည်း ဆရာကြီးခိုင်းတဲ့ အတိုင်း ချက်ကျွေးကြပါတယ်။
ဂုရုဆရာကြီးက ကြက်ဟင်းခါးသီးဟင်းကို တဇွန်းလောက် ခပ်စားပြီးတဲ့အခါ "အံ့သြဖို့ကောင်းလိုက်တာ" လို့ ပြောလိုက်ပါသတဲ့။ တပည့်တွေကလည်း စိုးထိတ်သွားပြီး "ဘာများဖြစ်လို့ပါလဲ ဆရာကြီး" လို့ ပြန်မေးလိုက်ပါတယ်။
"ဒီကြက်ဟင်းခါးသီးက ဘုရားအဆူဆူ ဖူးပြီးတာတောင် ခါးနေတုန်းပဲကိုး "
"ဒါကတော့ကြက်ဟင်းခါးသီးရဲ့ ပင်ကိုယ်သဘာဝပဲကိုး ဆရာကြီး"
"အေး ငါပြောချင်တာ အဲ့ဒါပဲ။ ကြက်ဟင်းခါးသီးဟာ ဘုရားအဆူဆူ ဖူးခဲ့ပေမဲ့လည်း သူရဲ့ပင်ကိုယ် အခါးသဘာဝကို မပြောင်းနိုင်တော့ ခါးမြဲခါးဆဲပဲ မဟုတ်လား။
အိမ်း ဒီလိုပဲ မင်းတို့ရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို မပြောင်းလဲဘဲ ဘယ်ဘုရား သွားဖူးဖူး ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
မင်းတို့ရဲ့ ပင်ကိုယ် သဘာဝထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ၊ လောဘဒေါသ မာန်မာနတွေ လွှမ်းမိုးနေတဲ့ စိတ်နေစိတ်ထားတွေ၊ သူတပါးအပေါ် မကောင်းမြင် မကောင်းထင်ပြီး အထင်သေး အပြစ်တင်ချင်တဲ့ စိတ်တွေကို မပြုပြင်ဘဲ ဘယ်ဘုရားသွားဖူးဖူး အကျိုးထူးလိမ့်မယ်လို့ ငါမထင်ဘူး။
ဒါ့ကြောင့် နောင်ကို ဘုရားသွားဖူးရင် ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ စိတ်နေသဘောထားတွေကို ပြုပြင် ပြောင်းလဲနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးမှ သွားဖူးသင့်တယ်။ ဒါမှလည်း အဓိပ္ပါယ်ရှိပြီး ကုသိုလ်ရမှာပေါ့" crd
0 Comments