ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပဲ

တခါတုန်းက ရွာတရွာမှာ သစ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်းသူ တဦးရှိတယ်။ သစ်ခုတ်သမားရဲ့ အိမ်ဘေးမှာ လက်သမားဆရာ တယောက်ရှိတယ်။ သူတို့နှစ်ဦးက အလွန်းရင်းနီးကြသလို စီးပွားရေး မိတ်ဖက်လို့လည်း ပြောလို့ရတယ်။

သစ်ခုတ်သမား ခုတ်လို့ရတဲ့ သစ်တွေကို လက်သမားဆရာက ဝယ်ယူပြီး ခွဲခြမ်းစိတ်ဖြာတယ်။ ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်။

သုံးမရလို့ ထွက်လာတဲ့ ပကာတွေကို သစ်ခုတ်သမားကို ပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ် ပြန်ရောင်းရင်း သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက်ဖြစ်လာတယ်။

တနေ့ကြတော့ သစ်ခုတ်သမားရဲ့ မိန်းမကို လက်သမားဆရာရဲ့ မိန်းမက "တကယ်တော့ နင်တို့လင်မယား ငါတို့လင်မယားကိုကျေးဇူးတင်သင့်တယ်" "ဘာလို့လဲဟ"

"ဟုတ်တယ်လေ ငါ့ယောက်ျားက နင့်ယောက်ျား ခုတ်လာတဲ့ ထင်းတုံးတွေကို သစ်ခွဲစက်မှာ ခွဲဖို့ ပိုက်ဆံ ပိုပေးပြီးဝယ်တယ်။ ခွဲလို့ ပိုတဲ့ပကာသား တွေကိုလည်း နင့်ယောက်ျားကို ပြန်ပေးတယ်လေ။ အဲဒီတော့ နင်တို့မိသားစု အရင်ကထက် ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ"

အဲဒါနဲ့ သစ်ခုတ်သမားရဲ့ မိန်းမက ညရောက်တော့ ယောက်ျားဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီးမေးတော့ သစ်ခုတ်သမားက ပြောပြတယ်။

"မိန်းမ ရေရရှိဖို့ ရေတွင်း တူးရတယ်။ အဲဒီရေက မြေအောက်က တူးရပေမယ့် ရေဘယ်လောက် မြင့်မြင့် မြေဆိုတဲ့ ကြမ်းပြင် ရှိရပြန်တယ်။ အားလုံးဟာ အပြန်အလှန်ပဲ မိန်းမရယ်။ ဘာမဟုတ်တဲ့ မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့အရာတွေကို မပျက်စီးပါစေနဲ့" လို့ ပြောတယ်။ အဲဒီအကြောင်းကို နောက်တော့ လက်သမားဆရာ သိသွားတယ်။

နောက်နေ့ကြတော့ လက်သမားဆရာက သူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသားကို ယခင်သစ်တုံးတွေထက် ဈေးနှစ်ဆပေးပြီး ယူလိုက်တယ်။ ပြီးတော့ သစ်သားခွဲပြီး ဗီရိုကြီးကြီးတလုံး ရိုက်တယ်။

ကနုတ်ဖော်တာတွေ ပေါ်လစ် တင်တာတွေပါ လုပ်တယ်။ အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကိုသွားတယ်။ ဗီရိုရဲ့အသားကို ကြည့်တယ်၊ လက်ရာကိုကြည့်တယ်၊ ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာ ခေါ်တဲ့ဈေးနဲ့ ယူလိုက်တယ်။

သူ သစ်တုံးကို ဝယ်တုန်းက ဘယ်လောက်မှ မပေးရပေမယ့် သူရဲ့အတတ်ပညာနဲ့ ပေါင်းစပ်ပုံဖော် ပြီးချိန်မှာတော့ သစ်တုံးကိုသူပေးဝယ်ရတဲ့ ဈေးထက် ဆယ်ဆလောက် အမြတ်ကျန်တယ်။

"မိန်းမ ငါ သစ်ခုတ်သမားဆီက ဝယ်တုန်းက မင်းက ဈေးပိုပေးလို့ ဆိုပြီး ငါ့ကိုပြောတယ်။ အခု ငါရောင်းလို့ ပြန်ရတဲ့ ပိုက်ဆံနဲ့တွက်ရင် သစ်ခုတ်သမားစီက ငါဝယ်လိုက်တာ ဈေးမများဘူးလေ။

တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက် ကျေးဇူးရှင်ပဲ။ အဲဒီလိုပဲ အခုရောင်းလိုက်တဲ့ ဗီရိုကို မနက်ဖြန် ပြန်လာမေးကြည့်ပါ။ ငါတို့ရောင်းတဲ့ ဈေးထက် သုံးဆ ဖြစ်နေပါလိမ့်မယ်မိန်းမ။

ဘယ်လောက်တော်တဲ့ ပန်းပုဆရာဖြစ်ပါစေ ထုဆစ်စရာ မရှိရင် သူ့ပညာဟာ အလကားပဲ။ အဲဒီလိုပဲ ထုဆစ်စရာသစ်တုံး ရှိပါရက်နဲ့ ထုဆစ်ပုံဖော်တဲ့ အတတ်ပညာ မရှိခဲ့ရင်လည်း သစ်တုံးဟာ တံတားတခု ထင်းတခုသာ ဖြစ်နေမှာပဲ။ အားလုံးဟာ အပြန်အလှန် ကျေးဇူး ပြုကြရတယ်။

အဲဒီလို အပြန်အလှန် မှီခိုကြရင်း ကိုယ့်အတတ်ပညာကို ပေါင်းစပ်ကြတယ်၊ အဆင်ပြေအောင် လုပ်ကိုင်ကြရတယ်။ ဥပမာ မင်းဈေးသွားတယ် ရောင်းမယ့်သူရှိလို့ ဝယ်တဲ့သူ ရှိတာ။

အဲဒီလိုပဲ ဝယ်တဲ့သူရှိနေလို့ ရောင်းတဲ့သူတွေ ရောင်းနေကြတာပါ။ မာနတခုကို အခြေခံပြီး ကိုယ့်ကိုယ်ကို အမြင့်ဆုံး မမှတ်ပါနဲ့။ ကျေးဇူးဆိုတာ လွယ်လွယ် ပြောရရင် ကိုယ့်ရဲ့အကျိုးကို လိုလားသူ ကိုယ့်ရဲ့အကျိုးကို ဖြစ်ထွန်းစေတဲ့သူ အားလုံးဟာ ကျေးဇူးရှိနေတာပါ" Crd

Post a Comment

0 Comments