ကြွားဝါလွန်းသော ဖား

တခါတုန်းက ရေအိုင်တခုမှာ ဖားတအုပ် နေထိုင်ကြတယ်။ သူတို့နေတဲ့ ရေအိုင်က လူတွေနေတဲ့ နေရာနဲ့လည်း ဝေးတယ်။ အဲဒါကြောင့်လည်း ဖားတသိုက်ဟာ လူ၊ ကျွဲ၊ နွား၊ ခွေး စတဲ့ တိရစ္ဆာန်တွေကိုလည်း မမြင်ဘူးဘဲ ရှိနေခဲ့ကြတယ်။

တနေ့တော့ မျက်စေ့လည် လမ်းမှားလာတဲ့ နွားတကောင်ဟာ ဖားတွေနေတဲ့ ရေအိုင်မှာ ရေလာသောက်တယ်။ ဖားတွေဟာ နွားကို ကြည့်ရင်း အံ့သြသွား ကြတယ်။

"ဟား အင်မတန် ကြီးမားတဲ့ ဧရာမ သတ္တဝါကြီးပဲ။ ငါတို့တွေက သူ့ခြေရာခွက်ထဲမှာ ရေစိမ်လို့တောင် ရတယ်၊ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး"

"အေးကွ အရင်က ကိုဖားပြုတ်ကို အကြီးဆုံးလို့ ထင်ထားတာ ခုမှ ဒီသတ္တဝါကြီးက အကြီးဆုံးဆိုတာ သိတော့တယ်။ သူနဲ့ယှဉ်ရင် ကိုဖားပြုတ်က အီးပေါလောပဲ"

ဖားကလေးတွေ အဲဒီလို ပြောဆိုနေတုန်း အခိုက်မှာပဲ ဖားပြုတ် ရောက်လာတယ်။ သူက ဒီလိုပြောတယ်။

"ဟေ့ကောင်တွေ မင်းတို့ပြောတဲ့ အကောင်က ဘာကောင်မို့လဲ။ လောကမှာ ငါ့ထက် ကြီးတဲ့အကောင် ဆိုတာ မရှိဘူး။ ငါအကြီးဆုံးပဲ" ဆိုပြီး ဖားပြုတ်က ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်လုံးကို လေတွေနဲ့ ဖောင်းထားလိုက်တယ်။

"တွေ့လား ဟေ့ကောင်တွေ၊ ခု မင်းတို့တွေ့ရတဲ့ သတ္တဝါကြီးနဲ့ တူတယ်မလား"

ဖားပြုတ်က တကိုယ်လုံးကို လေနဲ့ ဖောင်းထားတာကို ကြည့်ပြီး ကျန်တဲ့ဖားတွေက ရယ်မောကြတယ်။

"ခင်ဗျား ဖောင်းထားတာက ကျွန်တော်တို့တွေ့တဲ့ သတ္တဝါကြီးရဲ့ အီးပုံလောက်ပဲ ရှိတယ်"

အဲဒီစကားကို ကြားတဲ့အခါ ဖားပြုတ်က သူ့ကိုယ်လုံးကို ထပ်ပြီး မကြီး ကြီးအောင် လေတွေ ထပ်ဖြည့်လိုက်တယ်။ ဖားကလေးတွေကလည်း လှောင်ပြန်တယ်။

"ဟား ဟား ဟိုသတ္တဝါကြီးရဲ့ ခြေရာခွက်ထဲမှာ ခင်ဗျားလိုအကောင် သုံးလေးကောင်လောက် နေလို့ရတယ်"

အဲဒီအခါမှာလည်း ဖားပြုတ်က ပိုပြီးဖောင်းသည်ထက် ဖောင်းအောင် ပြုလုပ်ပြန်တယ်။ ဖားကလေးတွေက ရယ်မောကြ ပြန်တယ်။ ဖားပြုတ်က ဖောင်းရင်းဖောင်းရင်းနဲ့ နောက်ဆုံးမှာတော့ ရင်ကွဲပြီး သေပွဲဝင်ရသတဲ့။

တခါတလေမှာ ကျွန်တော်တို့တွေဟာ သူတပါး အထင်ကြီးအောင် ကြိုးစားရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ Identity ပျောက်ဆုံးလာကြတယ်။

အဆိုတော်တယောက်ကို အများကြိုက်ကြတဲ့အခါ ကိုယ်မကြိုက်ရင် လူရာမဝင်သယောင် ထင်မြင်လာတယ်။ စာအုပ်တအုပ်ကို အများ ကြိုက်ကြတဲ့အခါ ကိုယ်မကြိုက်ရင် လူမဖြစ်သယောင် ထင်မြင်လာတယ်။

နာမည်ကြီး ကြက်ကြော်ဆိုင်၊ ဘာဂါဆိုင် ကိုယ့်အကြိုက်နဲ့ သိပ်မကိုက်ညီလှ ပေမယ့်လည်း အများကြိုက်နေတာကြောင့် ဇွတ်မှိတ်ပြီး ကြိုက်လိုက်ကြ ပြန်တယ်။ လူအများရဲ့ trend ကို လိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာကြတယ်။

ကိုယ်မကြိုက်တဲ့ ကော်ဖီတခွက်ကို လူအများအထင်ကြီးစေဖို့ ကြေးကြီးပေးပြီး သောက်နေသူတွေလည်း ရှိသလို ကိုယ်ဖတ်မကြည့်တဲ့ စာအုပ်တအုပ်နဲ့ ဓါတ်ပုံ တွဲရိုက်ကြသူတွေလည်း ရှိကြတယ်။

လူတွေဟာ အထင်ကြီးခံရဖို့ အတွက် မိမိရဲ့စစ်မှန်တဲ့ true color ကို အရောင်တွေ ခြယ်သထားကြသူတွေ ဖြစ်လာကြတယ်။ နွားနဲ့ တူအောင် လိုက်ဖောင်းနေတဲ့ ဖားပြုတ်လို ကိုယ်နဲ့မတူတဲ့ ဝန်းကျင်တခုရဲ့ အထင်ကြီးခြင်းကို ရဖို့အတွက် အဓိပ္ပါယ်မဲ့စွာ ကြိုးစားနေကြသူတွေပဲ ဖြစ်တယ်။

ကိုယ့်ရဲ့ အရောင်မှန်ကို ဖုံးကွယ်တဲ့ လူသားတွေဟာ တခြားသော ဖုံးကွယ်လူသားအချင်းချင်း တွေ့ဆုံကြ၊ အချင်းချင်း ဖုံးကွယ်လိမ်ညာရင်းနဲ့ တခဏတာ သာယာကြတယ်။

ဒါပေမယ့် လောကဓံ လှိုင်းကြမ်း တချက်အရိုက်မှာ အပေါ်ယံအလွှာ ကွာအကျမှာတော့ အထင်နဲ့အမြင် တလွဲစီဖြစ်ရင်း အချင်းချင်း အပြစ်တင်ကြ၊ လမ်းခွဲကြနဲ့ပဲ အဆုံးသတ်သွားကြ ပြန်တယ်။

မတူတာကို တုမိတဲ့အတွက် ရင်ကွဲတဲ့ ဖားပြုတ်လို ရင်ကွဲပက်လက်တွေ ဖြစ်ကြပြန်တယ်။ တပါးသူတွေရဲ့ အကြိုက်ကို လိုက်ရင်း အချိန်ကုန်၊ ငွေကုန်၊ အကျိုးမဲ့တွေ ဖြစ်ကြပြန်တယ်။

တကယ်တော့ ကိုယ့်နှစ်သက်ရာ၊ ကိုယ်အထင်ကြီး လေးစားရာကို ဖော်ပြခြင်းသာလျှင် ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်ခြင်းဖြစ်သလို ဟန်ဆောင်ခြင်းကင်းတဲ့ ဖြူစင်ခြင်းလည်း ဖြစ်တယ်။

တကယ်တမ်းမှာလည်း ကိုယ့်ကို တကယ်ချစ်မြတ်နိုးသူကို ရှာဖို့ ကိုယ့်ရဲ့ အရောင်အသွေး အမှန်ကို ပြဖို့တော့ လိုမှာပဲဖြစ်တယ်။Don’t be afraid of being different, be afraid of being the same as everyone else. သူများတွေနဲ့ မတူမှာကို မစိုးရိမ်ပါနဲ့။

သူများယောင်တိုင်း လိုက်ယောင်တဲ့သူ ဖြစ်မှာကိုသာ စိုးရိမ်ပါ ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဖော်ပြတတ်ဖို့ လိုနေမှာပဲ ဖြစ်တယ်။ Phyothuta

Post a Comment

0 Comments