အရေးကြီးတာကိုပဲ အရင်လုပ်ပါ

တခါတုန်းက ဒသနိကဗေဒ ပါမောက္ခတယောက်က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်းပစ္စယတချို့ တင်ပြီးတော့ ရပ်နေပါတယ်။ အတန်းလည်းစရော ဘာမပြော ညာမပြောနဲ့ ခရားအလွတ်တခုကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။

ပြီးတော့မှ "ဒီခရားက ပြည့်နေပြီလား" လို့ ကျောင်းသား ကျောင်းသူတွေကို မေးလိုက်ပါတယ်။ ကျောင်းသားကျောင်းသူတွေ ကလည်း "ပြည့်နေပါပြီ" လို့ ဖြေကြပါတယ်။

အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတော့ ခရားထဲကို လောင်းထည့်လိုက်ပါတယ်။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ်။

ကျောက်စရစ်ခဲလေးတွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေ ကြားက နေရာလွတ်လေးတွေကို ရသလောက် နေရာဝင်ယူ ကြပါတယ်။

ပါမောက္ခကြီးက ကျောင်းသားကျောင်းသူတွေကို "ဒီခရားက ပြည့်နေပြီလား" လို့ ဆက်မေးပြန် ပါတယ်။ ကျောင်းသားကျောင်းသူတွေ ကလည်း "ပြည့်နေပါပြီ" လို့ ထပ်ဖြေကြ ပြန်ပါတယ်။

ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့် ပြန်ပါတယ်။ သဲတွေကလည်း ခရားထဲမှာ ရှိတဲ့ နေရာလွတ် မှန်သမျှ နေရာဝင်ယူ လိုက်ပါတယ်။

နောက်ထပ်တကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက "ခရားက ပြည့်ပြီလား" မေးပြန်ပါတယ်။ ကျောင်းသူ ကျောင်းသားများကလည်း "ဟုတ်ကဲ့ပါ" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။

ထိုအခါ ပါမောက္ခကြီးက "ကဲ ဒီခရားကို မင်းတို့ ဘဝလို့ ဆိုကြပါစို့။ ကျောက်ခဲတွေက မင်းတို့ ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ။ ဆိုလိုတာက ကိုယ့်ရဲ့ မိသားစု၊ ကျန်းမာရေး တွေပေါ့။ ကျန်တဲ့ အရာတွေ ဆုံးရှုံးရင်တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေပါသေးတယ်။

ကျောက်စရစ်ခဲတွေ ကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စ တွေပေါ့။ သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ ကိစ္စလေးတွေပေါ့။

တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင် ထည့်လိုက်မယ်ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး။

မင်းတို့ရဲ့ လုပ်နိုင်သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေ အတွက်ပဲ အသုံးပြုလိုက်မယ် ဆိုရင် အခြား အရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။

ဒါကြောင့် အရေးကြီးတာကို အရင် လုပ်ကြပါ။ မိသားစုကို အချိန်ပေးပါ၊ အလုပ်ကိစ္စ တွေကို ဂရုစိုက်ပါ။ ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ" လို့ ပါမောက္ခကြီးက ဆုံးမပါတယ်။

ကျနော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထားတာပါ။ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး။

ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါတာတွေနဲ့ မကုန်ဆုံးစေဘဲ အရေးကြီးတာတွေကို အရင်လုပ်ပြီး တန်ဖိုးရှိအောင် လုပ်ကြပါစို့။ phoomyatchal

Post a Comment

2 Comments

  1. ကျောက်စရစ်ခဲတွေ ကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စ တွေပေါ့။ သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ ကိစ္စလေးတွေပေါ့။ထိုအခါ ပါမောက္ခကြီးက "ကဲ ဒီခရားကို မင်းတို့ ဘဝလို့ ဆိုကြပါစို့။ ကျောက်ခဲတွေက မင်းတို့ ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ။ ဆိုလိုတာက ကိုယ့်ရဲ့ မိသားစု၊ ကျန်းမာရေး တွေပေါ့။ ကျန်တဲ့ အရာတွေ ဆုံးရှုံးရင်တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေပါသေးတယ်။
    အာ့ကိုအရင်စရေးထားသင့်တယ်လို့ထင်ပါတယ်တော်ရုံလူဆိုမျက်စိလည်သွားမှာဆိုးလို့ပါ

    ReplyDelete
  2. ထိုအခါကနေစcopyလုပ်ပြီးmentတော့အပေါ်အောက်ဖြစ်နေတယ်

    ReplyDelete