မထုခဲ့မိသော တူတချက်

တခါက လူသွားလူလာ များတဲ့ တောလမ်းတနေရာမှာ ကျောက်တုံးကြီးတတုံး ရှိသတဲ့။ အဲဒီကျောက်တုံးပေါ်မှာလည်း စာတချို့ ရေးထွင်း ထားပါတယ်။

ကျောက်တုံးပေါ်မှာ ရေးထားတဲ့ စာကတော့ "ဤကျောက်တုံးကြီးကို ဆယ်ပေါင်တူနှင့် အချက်တထောင်ပြည့်အောင် ထုခွဲလျှင် တသက်စာ ချမ်းသာသော ရတနာများ ရမည်" တဲ့။ လမ်းသွားလမ်းလာတွေက အဲဒီစာကို မြင်တော့ ပြုံးကြတာပေါ့။

အရူးတယောက် လက်ဆော့သွားတာ နေမယ်လို့ ထင်ကြေးပေးတဲ့ သူတွေလည်း ရှိပါတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျောက်တုံးကြီးကို ထုခွဲရုံနဲ့ တသက်စာ ချမ်းသာဖို့ ဆိုတာ စိတ်ကူးယဉ် ဆန်လွန်း တယ်လေ။

နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တထောင် ထုဖို့ဆိုတာ တော်ရုံဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။ ဒီလိုနဲ့ ခရီးသွားတွေဟာ အဲဒီကျောက်တုံးကြီးကို ခဏတဖြုတ် နားစရာ အနေနဲ့ပဲ ထိုင်ကြ မှီကြပြီး ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။

တနေ့မှာတော့ လူတယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့ ရောက်လာပြီး အဲဒီကျောက်တုံးကြီးကို ထုခွဲ ပါတော့တယ်။ ဖြတ်သွားဖြတ်လာတွေ ကတော့ သူ့ကို လှောင်တဲ့ သူကလှောင်၊ ပြုံးတဲ့သူ က ပြုံး၊ ချီးမွမ်းတဲ့သူက ချီးမွမ်း၊ အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီးနဲ့ ထုလိုက်၊ ရေသောက်လိုက်နဲ့ ကြိုးစားနေ ဆဲပဲ။ လူတွေကလည်း တယောက်ပြီး တယောက် လာပြီးတော့ မဖြစ်နိုင်တဲ့အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊ တကယ် ချမ်းသာမယ် ဆို ရှေးလူတွေက ထုခွဲခဲ့ကြမှာပေါ့၊ တကယ် မဟုတ် လို့သာ အရင်လူတွေက ဒီအတိုင်း ပစ်ထားခဲ့ကြတာ လို့ မှတ်ချက် ပေးသူက ပေး စသည်ဖြင့် အမျိုးမျိုး လာဖြောင့်ဖျကြတယ်။

အချက် (၅၀၀) ကျော်လာတဲ့ အခါ သူလည်း တဖြည်းဖြည်း ပင်ပန်းလာသလို တယောက်ပြီးတယောက် လာတားကြတဲ့ စကားတွေကြောင့် အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ်။ ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ်။

တဖက်က အချက်ပေါင်း ငါးရာတောင် ကျော်လာခဲ့ပြီပဲ၊ ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့ တွေးမိသလို တဖက်ကလည်း ကျောက်တုံးကြီး ကွဲလို့ အထဲမှာ ဘာမှမရှိရင်ရော ဆိုတာမျိုးလည်း တွေးနေမိ တယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီးကို ဆက်ခွဲလာ လိုက်တာ ဘယ်နှစ်ချက် ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။ အချက် ၇၀၀ လား၊ ၈၀၀ လား သူမသိတော့ဘူး။

အဲဒီအချိန်မှာပဲ နောက်ထပ် လူတယောက် ရောက်လာခဲ့ ပါတယ်။ လာသမျှ လူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့ ထင်ခဲ့ပေမယ့် ဒီလူကတော့ ပူးပေါင်းဖို့ လာတာ ဖြစ်ပါတယ်။

"ကျွန်တော် ပါဝင်ပါရစေ။ တကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက် ထုတ်ပြီးဖြစ်တဲ့ အတွက် ဝေစုရဲ့ နှစ်ပုံကို ယူပါ။ ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့ အတွက် ကျွန်တော့်ကို ဝေစုတပုံပဲ ပေးပါ" လို့ တောင်းဆို သတဲ့။

အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။ ဟုတ်တယ်လေ။ သူကြိုးစားလာတာ အချက်တထောင် ပြည့်ခါနီးနေမှ လာပူးပေါင်းတာကိုး။ ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတပုံ ပေးပါတဲ့။

နောက်တော့ အို ကိုယ်က အပင်ပန်းခံထားတာပဲ၊ မပေးနိုင်ပါဘူးလို့ တွေးလိုက်ပြီး ဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။ ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။ ဒုတိယလူ ကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ ထိုင်စောင့်နေ ခဲ့တယ်။

သူ အချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့် ကျောက်တုံးကြီးကတော့ တုတ်တုတ်မှ မလှုပ်သေးဘူး တဲ့။ နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီး လက်လျှော့လိုက် ပါတော့တယ်။ ပြီးတော့ ဒုတိယလူကိုလည်း

"ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာ အချက်ပေါင်း တထောင်ကျော်လောက် ရှိပြီဗျ။ ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။ အမှန်က ကျွန်တော် ရူးတာပါဗျာ။ အစကတည်းက မလုပ်ပဲ နေခဲ့ရမှာ" ဆိုပြီး ပြောပါတယ်။

ဒုတိယလူက "ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ် ဆိုရင် ကျွန်တော် ဆက် ထုခွဲပါရစေ" လို့ ခွင့်တောင်းသတဲ့။ ပထမလူက "ခင်ဗျားလည်း အပင်ပန်း ခံမနေပါနဲ့ဗျာ။ ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီ" လို့ ပြောပြီး ထွက်သွားလေ သတဲ့။

သူထွက်သွားလို့ ခပ်လှမ်းလှမ်း အရောက်မှာပဲ "ဝုန်း" ဆိုတဲ့ အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိ လိုက်တော့ ကျောက်တုံးကြီး ကွဲနေတာကို အံ့သြဖွယ်ရာ မြင်လိုက်ရ ပါတော့တယ်။ ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက်တောက်ပ နေတဲ့ ရတနာတွေပေါ့။

ဒုတိယလူက ရတနာတွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ ပုံနဲ့။ သူဟာ အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။ အမှန်တော့ သူကြိုးစားပြီး ကျောက်တုံးကြီးကို ဆယ်ပေါင်တူနဲ့ ထုခဲ့တဲ့ အချက် ပေါင်းဟာ (၉၉၉) ချက်ပဲ ရှိသေးတာကို သူ မသိခဲ့တာလေ။ ဒီတော့ ဒုတိယလူဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက် တချက်ပဲ ထုလိုက်ရတော့ တာပေါ့။

တခါတလေ ကိုယ်တို့ ဘဝတွေမှာလည်း သူများတွေ ကြိုးစားနေချိန် ပူးပေါင်း ပါဝင်ဖို့ရော ကြိုးစားဘူး ပါသလား။ ဘေးကနေ ဖြတ်သွားဖြတ်လာ လုပ်ပြီး ကြိုးစားနေသူကို မဖြစ်နိုင်ဘူးလို့ တားမြစ် ဘူးပါသလား။

ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့် အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား။ တွေဝေမိတဲ့ ဒွိဟစိတ်တွေကြောင့် ထားလက်စ ရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား။

ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင် မထုမိလိုက်တဲ့ တူတချက်ကြောင့် ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံး သွားတတ်တာကို မမေ့ပါနဲ့နော်။

လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေ၊ ကဲ့ရဲ့သည် ဖြစ်စေ၊ လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှုနဲ့ ကြိုးစား အားထုတ်မှု ကိုတော့ ဘယ်တော့မှ မဖျက်ဆီးလိုက် ပါနဲ့။ Crd

Post a Comment

0 Comments