မြင်းလိုလူနှင့် ငန်းလိုလူ

တခါတုန်းက စားကျက်တခုမှာ မြင်းတကောင်နဲ့ ငန်းတကောင် ဆုံမိကြတယ်။ ငန်းက မြင်းကို ကြည့်ပြီး မြင်းရဲ့ အမူအရာကို လှောင်ပြောင် ပြောဆိုသတဲ့။ မြင်းရဲ့ ပုံစံကို သဘောမကျ မထီမဲ့မြင်လို့ ထင်တယ်ဗျ။

အဲဒါနဲ့ ဘဲငန်းတို့ရဲ့ ထုံးစံအတိုင်း အသံစူးစူးဝါးဝါးနဲ့ ပြောဆိုသတဲ့။

"ဟဲ့မြင်း ငါတို့က မင်းထက် ပိုကြီးကျယ်တဲ့ အကောင်ပါကွ၊ မင်းခန္ဓာကိုယ် အကောင်ကြီးကြီးက ဘယ်လောက်ထိအောင်များ အသုံးကျလို့လဲ။ ငါဆိုရင် မြေကြီးပေါ်မှာလဲ ကောင်းကောင်း လမ်းလျှောက်နိုင်တယ်။

လေမှာလည်း ဟောဒီ အတောင်နှစ်ဖက်နဲ့ ပျံချင်သလို ပျံနိုင်ရဲ့။ အဲ ရေစပ်နားကို ရောက်လို့ ရေပြင်မှာလည်း ကူးခပ်လို့ အေးအေးဆေးဆေး ဆော့ကစားနိုင်တယ်။

ငါက ကောင်းကင်ဆို ငှက်၊ ရေမှာက ငါး၊ မြေကြီးမှာ ဆင်၊ ကျွဲ၊ နွားလို သတ္တဝါ သုံမျိုးလုံးရဲ့ စွမ်အားတွေ ရှိတယ်ကွ" လို့ မြင်းကို ကြွားဝါပြောဆိုတယ်။

ဒီစကားကို ကြားတော့ မြင်းက ဟက်ဟက်ပက်ပက် ရယ်ရင်း "ကိုရွှေငန်းရယ် ခင်ဗျားက သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်အားတွေ ရှိသတဲ့။ ဟုတ်ပါပြီ ဘယ်နေရာမှာမဆို မဖြစ်ညစ်ကျယ်လေး လုပ်တတ်သလောက် ကြီးကြီးကျယ်ကျယ် ပြောတတ်ပါဘိ။

မစို့မပို့ ခင်ဗျား စွမ်းအားလည်း ပြန်သုံးသပ်ပါဦး။ ဝေဟင်မှာ ပျံတယ်တဲ့။ ခန္ဓာကိုယ် မနိုင်မနင်းကို မသယ်ပြီး မြေကြီးက လွတ်ရုံလေး ပျံတတ်တာကိုပဲ ငှက်စာရင်းသွင်း၊ စင်ရော်တွေ သိမ်းငှက်တွေလို ဆိုချင်သေး။

ဘာတဲ့ ရေပြင်မှာဆို ငါး၊ ဟုတ်စ။ ငြိမ်နေတဲ့ ကန်ရေပြင်မှာတောင် ရွေ့ရုံလေး လှုပ်ရှား လေထန် မိုးထန်တဲ့အခါ တုန်လှုပ် ခြောက်ခြား ထွက်ပြေးရတာ များဗျာ၊ ရေကူးချန်ပီယံ ကိုရွှေငါးတွေလို သူ့ကိုသူ ဆိုလို့။

အဲ မြေကြီးပေါ် လမ်းလျှောက် ပြန်တော့ရောဗျာ။ ခြေကားကားကြီးတွေကို ကားရားကားရားနဲ့ မလှုပ်တလှုပ်လျှောက်။ လည်ကြီး ဆန့်ငင်ဆန့်ငင်နဲ့ တွေ့တဲ့သူ ပေကြည့်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟောက် မြည်တွန်တောက်တီး တတ်သေး။

ခင်ဗျားကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူတွေ မရှိသလောက် ရှားတာကိုရော သတိထားမိရဲ့လားကွယ်။ ကျုပ်က ခင်ဗျားပြောသလို တမျိုးတည်း စွမ်းတာ မှန်တယ်။ ဒါပေမဲ့ တမျိုးဆိုတမျိုး ဆိုသလောက် စွမ်းတယ်ဗျ။

ကျုပ်ခန္ဓာကိုယ်က အပိုအလို အသုံးမဝင်တဲ့ နေရာမရှိ၊ အရှိန်အဟုန်နဲ့ ပြေးဖို့ အားလုံး နေသားတကျ ဖြစ်ထွန်းလာတဲ့ ကောင်ဗျ။

ကျုပ်ခြေတံလက်တံ ကြွက်သားစိုင်တွေကို ကြည့်ပြီး ဘယ်လောက် ပြေးနိုင်သလဲ ဆိုတာ အကုန်သိတယ်။ ပြေးရင် ပြေးသလောက် ခန္ဓာကိုယ်က ခွန်အားတွေ ကိန်းအောင်းလို့ ထွက်လာတယ်ဆိုတာ သိနိုင်တယ်။

ဟုတ်တယ် ငါက တမျိုးတည်း သမားပါ။ တမျိုးဆို တမျိုး ဆိုသလောက် ထိပ်ဆုံးကို ရောက်အောင် စွမ်းတဲ့ကောင်မျိုး။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ ဘယ်နေရာမှ တွက်တွင်ကျယ်ကျယ် အသုံးမကျတဲ့ ကောင်မျိုးမဟုတ်ဘူး" လို့ မြင်းက ပြောလိုက် လေသည်။

ကျနော်တို့ရော ငန်းလား၊ မြင်း လား။ တခုဆိုတခု ဆိုသလောက်၊ တမျိုးဆို တမျိုး ဆိုသလောက် ပေါက်ရောက်အောင် အစွမ်းထက်တဲ့ ကိုရွှေမြင်းလို မိမိစွမ်းတဲ့ ဘက်ကို ထိပ်ဆုံးရောက်အောင် တက်ကြပါစို့။ Crd

Post a Comment

0 Comments