မြည်းကိုစာသင်သော ပညာရှိ

တခါတုန်းက ဟွန်ဂျာလို့ အမည်ရှိတဲ့ ဖြတ်ထိုးဉာဏ် ကောင်းလွန်းသူတဦး ရှိပါသတဲ့။ သူဟာ ဉာဏ်ကောင်းလွန်း တာကြောင့်လည်း ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်၊ လမ်းပြနိုင်သူ တဦးအဖြစ် ရပ်ရွာထဲက အသိအမှတ် ပြုထားကြတယ်။

တကြိမ်မှာတော့ ဟွန်ဂျာရဲ့ ဉာဏ်ကောင်းလွန်းတဲ့ သတင်းဟာ သူတို့တိုင်းပြည်ရဲ့ ဘုရင်ကြီး နားထိတောင် ပေါက်ရောက်သွားတယ်။

အဲဒီအခါမှာ ဘုရင်ကြီးဟာ သူ့ရဲ့ မင်းချင်းတွေကို ခေါ်ယူပြီး ဟွန်ဂျာကို သူ့ရှေ့ထံမှောက် အရောက်ခေါ်ဆောင်ခဲ့ဖို့ မိန့်ကြားတယ်။ မင်းချင်းတွေလည်း ဘုရင့်အမိန့်နဲ့ ဟွန်ဂျာကို ခေါ်ဆောင်ပြီး ဘုရင်ကြီး ရှေ့တော်မှောက်ကို အရောက်သွင်းခဲ့ ပါသတဲ့။

အဲဒီလို သူ့ရှေ့ကို ရောက်လာတဲ့ ဟွန်ဂျာကို မြင်တဲ့အခါ ဘုရင်ကြီးက ဒီလိုပြောတယ်။

"မောင်မင်း၊ အသင်ဟာ အင်မတန်မှ ဉာဏ်ရည်ထက်မြက်သူ ဖြစ်ကြောင်း ငါကိုယ်တော် ကြားသိရတယ်။ ဟုတ်သလား"

အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက ဒီလို စဉ်းစားတယ်။ "အင်း ဘုရင်ဆိုတာမျိုးက သူတို့ သဘောကျရင် ဆုတော် လာဘ်တော်တွေ ချီးမြှင့်တတ်ပေတာပဲ။ ငါ့ကို အထင်ကြီး သဘောကျသွားရင် ငါဆုလာဘ် ရမှာပဲ။ ဒါကြောင့် ဘုရင်ကြီးအထင်ကြီး သွားအောင် ငါလျှောက်တင်မှပဲ"

ဟွန်ဂျာဟာ အဲဒီလို တွေးပြီးတဲ့နောက် ဘုရင်ကြီးကို ဒီလို တင်လျှောက်လိုက်တယ်။ "ဘုရင်မင်းမြတ်၊ ကျွန်တော်မျိုးကြီးဟာ အဘယ်မျှလောက် ဉာဏ်ပညာ ကြီးမားသလဲ ဆိုရင် အင်မတန် နုံလှတဲ့ မြည်းသတ္တဝါကိုတောင် စာဖတ်တတ်လာအောင် သင်ပေးနိုင်ပါတယ် ဘုရား"

ဘုရင်ကြီးဟာ ဟွန်ဂျာရဲ့ လျှောက်တင်စကားကို ကြားတဲ့အခါ ပြုံးတော်မူ ပါသတဲ့။ အဲဒီလို ပြုံးတဲ့အပြင် "တော်တော် ဘဝင်မြင့်နေရှာတဲ့ ငမိုက်သားပဲ" လို့ တွေးတောမိ ပါသတဲ့။

အဲဒါကြောင့်လည်း ဘုရင်ကြီးက ဒီလိုပြောတယ်။ "ကောင်းလှပြီ မောင်မင်း။ အသင်ဟာ သင့်စကားအတိုင်းပဲ မြည်းတကောင်ကို တလအတွင်း စာဖတ်တတ်လာအောင် သင်ပြပေးရမယ်။

တကယ်လို့များ တလလွန်မြောက်လို့ မြည်းဟာ စာမဖတ်တတ် လို့ကတော့ အသင့်လည်ပင်းဟာ ခေါင်းဖြတ်စက်အောက်မှာ တိခနဲ ပြတ်ရလိမ့်မယ်။ မောင်မင်းစကားအတိုင်း စာဖတ်တတ်ခဲ့ရင်တော့ မောင်မင်းကို ထိုက်တန်တဲ့ ဆုတော်လာဘ်တော်တွေနဲ့ ချီးမြှောက်မယ်လို့ ငါကိုယ်တော် ကတိပေးတယ်။

ကဲ မောင်မင်းများ ငါကိုယ်တော်ရဲ့ မြည်းတွေထဲက တကောင်ကို သူ့ကို ပေးလိုက်ကြ၊ နောက်တလတိတိ ပြည့်တဲ့နေ့မှာ ဒင်းကို ငါ့ရှေ့တော် ပြန်လည် ခေါ်သွင်းလာကြစေဗျား"

ဘုရင်ကြီးဟာ အဲဒီလို အမိန့်ချမှတ်ပြီး အတွင်းဆောင်ကို ကြွမြန်းသွားတယ်။ အဲဒီအခါ မှာတော့ ဟွန်ဂျာဟာ ကြောက်ရွံ့တဲ့ စိတ်နဲ့ ပူပန်ပြီး ကျန်ရစ်ခဲ့ပါသတဲ့။ အဲဒီနောက်တော့ သူဟာ ဘုရင်ကြီး ပေးလိုက်တဲ့ မြည်းကို ဆွဲပြီး သူ့အိမ်ကို ပြန်သွားခဲ့ပါသတဲ့။

အဲဒီလိုနဲ့ တလ ပြည့်မြောက်တဲ့ အခါမှာတော့ ဟွန်ဂျာဟာ မြည်းကို ဆွဲပြီး ဘုရင့်နန်းတော်ကို ပြန်ရောက်လာ ပြန်တယ်။ ဟွန်ဂျာရဲ့ လက်ထဲမှာလည်း အင်မတန် ထူထဲလှတဲ့ စာအုပ်ကြီး တအုပ်ကို ပွေ့ပိုက်ကာ ယူလာခဲ့ပြန်တယ်။ ဘုရင်ကြီးရှေ့ကို ရောက်တဲ့အခါမှာ ဟွန်ဂျာက လျှောက်တင်တယ်။

"အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အရှင်မင်းမြတ်ကြီးရဲ့ မြည်းဟာ အခြားသော မြည်းငနုံ၊ မြည်းငထိုင်းတွေထက် ပိုမိုပြီး ဉာဏ်ရည်ထက်မြက် ပါတယ် ဘုရား။ တခြားမြည်းတွေဟာ စာတတ်ဖို့အတွက် သုံးလကြာမျှ သင်ကြားဖို့ လိုပေမယ့် အရှင်မင်းမြတ်ကြီးရဲ့ မြည်းဟာ တလနဲ့ စာတတ်မြောက်သွားပါတယ်ဘုရား။ အရှင်မင်းတရားကြီးရဲ့ မြည်းရဲ့ စာဖတ်စွမ်းရည်ကို ရှုစားတော် မူပါဘုရား"

အဲဒီနောက်မှာတော့ ဟွန်ဂျာဟာ မြည်းကို ဆွဲယူပြီး မြည်းရဲ့ ရှေ့မှာ စာအုပ်ကို ချထားလိုက်တယ်။ အဲဒီအခါ မှာတော့ မြည်းဟာ စာအုပ်ကို နှုတ်သီးနဲ့ ထိုးဖွင့်လိုက်တယ်။ ပြီးတဲ့အခါ စာရွက် တရွက်ချင်းစီကို လျှာနဲ့ ပွတ်ဆွဲပြီး လှန်လှော ပြန်တယ်။

တခုသော စာမျက်နှာကို ရောက်တဲ့အခါမှာတော့ မြည်းဟာ စာအုပ်ကို ကြည့်လိုက်၊ စာဖတ်တဲ့ဟန်ပန်နဲ့ အော်မြည်လိုက် လုပ်နေပါသတဲ့။ အဲဒီလို မြည်းရဲ့ စာဖတ်ခြင်းကို မြင်တဲ့အခါ ဘုရင်ကြီးက အင်မတန် အံ့သြသွားပါသတဲ့။ အင်မတန် အံ့သြလွန်းတဲ့ အတွက်လည်း ဟွန်ဂျာကို မေးပြန်တယ်။

"မောင်မင်းဟာ တကယ်ပဲ မြည်းလို သတ္တဝါမျိုးကိုတောင် စာဖတ်နိုင်စွမ်း ရှိလာအောင် သင်ပေးတတ် ပေတာပဲ။ ဘယ်လိုနည်းနဲ့ မြည်းကို စာဖတ်တတ်လာအောင် သင်ပေးလဲ ဆိုတာ ငါကိုယ်တော် သိမြင်အောင် လျှောက်တင်စမ်းပါဦး ပညာရှိကြီး"

အဲဒီလို ဘုရင်ကြီးက အမေးတော် ရှိတဲ့အခါ ဟွန်ဂျာက ဟန်ပါပါ ပြုံးလိုက်တယ်။ အဲဒီနောက်သူက ဒီလိုပြောတယ်။

"လွယ်ပါတယ်မင်းကြီး။ ပထမရက် မြည်းကို အငတ်ထားရ ပါမယ်။ ဒုတိယရက်မှာ စာအုပ်တအုပ်ကို ယူ၊ မြည်းစားတဲ့ ကောက်ရိုးကို ပထမ စာမျက်နှာနဲ့ ဒုတိယ စာမျက်နှာကြားမှာ ညှပ်ထားပြီး စာအုပ်ကို မြည်းကို ပေးရပါမယ်။ မြည်းက အစာဇောနဲ့ စာအုပ်ကိုဖွင့်ပြီး ကောက်ရိုးကို စားပါလိမ့်မယ်။

ဒုတိယနေ့ မှာတော့ တတိယစာမျက်နှာနဲ့ စတုတ္တ စာမျက်နှာကြားမှာ ကောက်ရိုးထည့်၊ စာအုပ်ပိတ်ပြီး မြည်းကိုကျွေး၊ မြည်းက သူ့ဟာသူ လှန်ပြီးစားပေါ့။

အဲဒီလိုနဲ့ တနေ့ချင်းစီ စာအုပ်ကို တရွက်စီ တိုးတိုးပြီး လှန်၊ ကောက်ရိုးညှပ်နဲ့ လုပ်သွား။ ခုအရှင်မင်းကြီးရှေ့ ရောက်တဲ့အခါ မြည်းက သူကောက်ရိုး တွေ့ရမယ့် နေရာမှာ မတွေ့လို့ ဝမ်းပမ်းတနည်း အော်ဟစ်နေတာ ပါဘုရား"

အဲဒီစကားကို ကြားတဲ့အခါ ဘုရင်ကြီးက အင်မတန်မှ သဘောကျတော်မူပါသတဲ့။ ဟွန်ဂျာကိုလည်း ရွှေငွေ အမြောက်အများကို ဆုတော်လာဘ်တော် အဖြစ် ဆုချလိုက်ပါသတဲ့။

သားသား၊ မီးမီးတို့လည်း အခြေအနေ၊ အချိန်အခါအလျောက် ဉာဏ်ရည်ထက်မြက်ပြီး မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်စွမ်းသော လူတော်လေးများ ဖြစ်ကြပါစေကွယ်။ Crd

Post a Comment

0 Comments