အိမ်ပြန်ချိန်တွေ နောက်မကျစေလို

ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တယောက်က လာရပ်လိုက်ပြီး "မစ္စတာ တာနာကာနဲ့ တွေ့ချင်လို့ပါ" ဟု ပြောလိုက်သည်။

"မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့် တောင်းထားပါသလား"

"ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ"

"သြော် ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်"

ဧည့်ခန်းကြီးက ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီး ဖြစ်နေသဖြင့် ပီတိတွေ ဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တဦးအား "ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ် လုပ်နေတာ" ဟု ဂုဏ်ယူပီတိ ဖြစ်စွာ ပြောလိုက်သည်။

မကြာမီ ဧည့်ကြို ကောင်မလေးက ရောက်လာပြီး "ဦးရှင့် မစ္စတာ တာနာနဲ့ တွေ့လို့ ရပါပြီ။ ၂၄ ထပ်က ရုံးခန်းကို ဓာတ်လှေကားနဲ့ တက်လာခဲ့ ပါတဲ့" သားဖြစ်သူ ရုံးခန်းကို ရောက်တော့ အဖေက ဝမ်းသာအားရနှင့် ပြေးဖက်ဖို့ ပြင်သည်။ သားက ဖုန်းပြောနေရာက လက်ကာ ပြထားသဖြင့် သူ့စိတ်ကို မနည်း ဘရိတ်အုပ် ထားလိုက်ရသည်။

အဖေက ရပ်စောင့်နေသည်။ ဖုန်း တော်တော်ကြာကြာ ပြောနေပြီးမှ သူ့အဖေ ဘက်ကို လှည့်လိုက်ပြီး

"အဖေကလည်း လာမယ်ဆိုရင် ကြိုပြောရောပေါ့။ လာကြိုမှာပေါ့"

"ရောက်လာပြီပဲကွာ။ မင်းရုံးခန်းကြီးက ကြီးကျယ်လှပေါ့။ အဖေ ဝမ်းသာတယ်။ ဒါနဲ့ သား ရာထူးကရော။ ရွာရောက်ရင် ပြန်ကြွားရဦးမယ်"

"မန်နေဂျာပေါ့ အဖေ။ ဒါနဲ့ အဖေ အေးအေးဆေးဆေးပဲ မဟုတ်လား။ သား အစည်းအဝေး ရှိသေးလို့ ထိုင်ဦးနော်။ အိမ်ကို အတူတူ ပြန်ကြတာပေါ့"

"မင်း အမေ နေမကောင်းဘူးကွ။ အဲဒါ မင်းကို တွေ့ချင်တယ် ဆိုလို့။ ရွာကို တရက်လောက် ပြန်လိုက်ခဲ့ဖို့ လာခေါ်တာ။ မင်းအမေ ဆန္ဒကို ဖြည့်ပေးလိုက် ပါကွာ"

"မဖြစ်ဘူး အဖေ။ ဒီမှာက အလုပ်တွေ အရမ်းများတာ။ ခွင့် တရက် ယူဖို့ဆိုတာ အတော်မလွယ်ဘူး"

"သြော် အေးအေး။ အဖေက လာပြောကြည့် တာပါ။ မအားရင်လည်း နေပေါ့"

"အဖေ စောင့်ဦးနော်။ အိမ်ကို သွားကြမယ်"

"နေပါစေကွာ။ မင်းအမေလည်း နေမကောင်းတော့ မီတဲ့ ရထားနဲ့ပဲ ပြန်တော့မယ်။ ငါ့သားက အရမ်းအလုပ်တွေ များနေတာကိုး"

ဖခင်ဖြစ်သူ ပြန်သွားသည်။ နှုတ်လည်းမဆက် ထွက်ခွာသွားသော ဖခင်၏ ကျောကို ကြည့်ပြီး သားဖြစ်သူက သက်ပြင်း ချလိုက်သည်။ သားဖြစ်သူ အိမ်ကို ပြန်ရောက်သော်လည်း စိတ်မကောင်း ဖြစ်နေသည်။

သူ့ဖခင်ကို ဘူတာလေးတောင် လိုက်မပို့ပေးနိုင်။ အိမ်တွင် ဇနီးက နေမကောင်း။ ဆေးခန်း လိုက်ပြရသည်။ ကလေးတွေ ကလည်း သူတို့ ပြဿနာတွေနှင့် သူတို့။

နောက်တနေ့ နံနက်စောစောတွင် သားဖြစ်သူက ရုံးသို့ ခွင့်စာတင်ပြီး ဖခင်နှင့် မိခင်ရှိရာကို ထွက်လာခဲ့သည်။ သူ မရောက်တာ နှစ်ပေါင်း ၃၀ ခန့် ရှိတော့မည့် ရွာကို ပြန်ရောက်လာသည်။ ရွာထဲကို ဝင်ပြီး သူယခင် နေခဲ့သည့် အိမ်လေးဆီကို သွားသည်။ အိမ်ဝင်းထဲ ဝင်လိုက်သည့်အခါ လူတယောက် ထွက်လာသည်။

"ဘယ်သူနဲ့ တွေ့ချင်လို့ ပါလဲ"

"ဒါ မစ္စတာ အာကီယိုတို့ အိမ် မဟုတ်လား"

"မဟုတ်ဘူး။ မစ္စတာ အာကီယိုတို့ လင်မယား လယ်တဲကို ပြောင်းသွားတာ ကြာပြီ"

"ဒါဆို ဒီအိမ်က"

"ဦးတို့ ဝယ်ထားလိုက်တာလေ။ သူတို့ လယ်တွေပါ ဝယ်ထားတယ်။ သနားလို့ လယ်ထဲက မြေကွက်လေး တကွက်ပေးပြီး နေခိုင်းထား ရတယ်"

"ဘယ်လို ဖြစ်သွားရတာ လဲဗျာ"

"သူတို့မှာ သနားပါတယ်။ သားဖြစ်သူ မြို့ကြီးမှာ တက္ကသိုလ် တက်ဖို့ ဆိုပြီး လယ်တွေ ပေါင်ရတယ်။ နောက် သား အလုပ်ကောင်းကောင်း ရအောင် ဆိုပြီး လယ်တွေ ရောင်းရတယ်။

သားအိမ်ထောင်ပြုတော့ နေဖို့ အိမ်ခန်း ဝယ်ပါစေ ဆိုပြီး လယ်တွေ အားလုံး ရောင်းတယ်။ သားက ကားစီးချင်တယ် ဆိုလို့ ဒီအိမ်ကို အပြီးရောင်းပြီး လယ်တဲကို ပြောင်းနေကြတယ်။ သူတို့သားကို တော်တော်လေး ချစ်တာပဲ"

သူမျက်ရည်တွေနှင့် လယ်တဲ ဘက်ကို ထွက်လာသည်။ အိမ်အမိုးတွေက ပေါက်ပြဲ၊ နံရံတွေ မလုံမလဲနှင့် တဲအိမ်လေးကို တွေ့လိုက် ရသည်။ ကုတင်ဘေးတွေ အဘိုးအို တယောက်က အဘွားအို၏ လက်ကို ကိုင်ပြီး အားပေးနေသည်။

"မင်းရဲ့သား လာတော့မှာ လာတော့မှာပါကွာ" မျက်ရည်တွေ အပြည့်နှင့် တဲထဲကို ဝင်လိုက်ပြီး "အမေ" သူ့အမေက အသက်ထွက်နေပြီ။ ကိုယ့်မိဘနှစ်ပါး အသက်ရှိစဉ် အခါဝယ် တန်ဖိုးထား ကျေးဇူးဆပ်နိုင် ကြပါစေ။ Min Tha khin

Post a Comment

0 Comments