သူ့အကြိုက် သူ့စရိုက်

ရှေးရှေးတုန်းက ဘုရင်ကြီးတပါးတွင် အလွန်လိမ္မာပါးနပ်သော ကြောင်ကြီးတကောင် ရှိလေသည်။ ထိုကြောင်ကြီးက တကယ်ကို တည်တည်ငြိမ်ငြိမ်နှင့် ရာဇပလ္လင်ထက်မှာ ဘုရင်ကြီးနှင့် အတူတူ ရှိနေတတ်သည်။

အစာစားတဲ့ အခါမှာလည်း အိန္ဒြေရှိစွာ စားပြီး၊ လမ်းလျှောက်လျှင်လည်း အင်မတန်မှ တည်ငြိမ်စွာဖြင့် နန်းရင်ပြင်မှာ လျှောက်တတ်သည်။ ဘုရင်ကြီးကလည်း အမြဲလိုလို သူ့၏ ကြောင်ကြီးကို ဂုဏ်ယူစွာပြောရင်း ကျေနပ်နေသည်။

သူ့ကြောင်က တကယ်ကို သိက္ခာရှိတဲ့ကြောင် ဟု သတ်မှတ်ပြီး ယုံကြည်နေသည်။ ဘုရင်ကြီးက ညီလာခံတက်တိုင်း ပလ္လင်ပေါ် ခေါ်လာစမြဲ ဖြစ်သည်။ ကြောင်ကြီးကလည်း ညီလာခံ မပြီးမချင်း လုံးဝ အသံမထွက်၊ အမြီးမလှုပ်ပဲ ရှိနေတတ်သည်။

ဘုရင်ကြီးက ညီလာခံ ပြီးတဲ့အခါမှာ မင်းပရိတ်သတ် အားလုံးနှင့်တကွ ပညာရှိ အမတ်များကို "ငါ့ကြောင်သည် အမြဲ အိန္ဒြေသိက္ခာနှင့် ပြည့်စုံသည်" ဟု ပြောလေသည်။

အားလုံးက "မှန်ပါ့ဘုရား" ဟု လျှောက်တင်ကြသည်။ သို့ပေမယ့် ပညာရှိ အမတ်တဦးမှ "အရှင်မင်းကြီး၏ ကြောင်ကြီးဟာ အကြိုက် မတွေ့သေးလို့ပါ ဘုရား" ဟု ပြန်လည် လျှောက်တင်လေသည်။

ဒီစကားကို ဘုရင်ကြီးကြားတော့ မကျေနပ်ဖြစ်ကာ "ဟဲ့ အမတ်မင်း၊ ဘာကြောင့် ဒီလိုပြောရသလဲ။ မောင်မင်း စကားအတွက် သက်သေပြရမယ်။

မပြနိုင်ရင် မောင်မင်းစကားကို မောင်မင်း တာဝန်ယူရမယ်။ ငါ့ကြောင်က ဘယ်တော့မှ အိန္ဒြေမမဲ့ဘူး" ဟုပြောကာ မနက်ဖြန် ညီလာခံမှာ မင်းသက်သေ ပြရမည်ဟု ပြောကာ ညီလာခံ သိမ်းလိုက်လေသည်။

နောက်တနေ့ ညီလာခံတွင် ကျန်အမတ်များက လျှာရှည်တဲ့ အမတ်ကြီး မှတ်ပြီလား၊ ဘယ်လို သက်သေပြမလဲ ဆိုတဲ့ အတွေးများနှင့် ကြည့်နေကြသည်။

ဘုရင်ကြီးကလည်း ကြောင်ကြီးနှင့်အတူ ပလ္လင်ထက်တွင် ထိုင်ကာ အမတ်ကြီးရဲ့ သက်သေအဖြေ သိချင်နေပြီး အမတ်ကြီးတော့ မပြနိုင်တော့ဟု တွေးကာ ပြုံးနေတော့တာပေါ့။

"ကဲ အမတ်ကြီး၊ ငါ့ကြောင်ကြီး အိန္ဒြေမဲ့တာကို ပြတော့လေ" ဟု မိန့်၏။ အမတ်ကြီးမှ ပြပါမည်ဟု ဆိုကာ ရှေ့သို့ ထွက်လာပြီး အိတ်ထဲတွင် ဖမ်းယူလာသော ကြွက်ကို ထုတ်ပြီး ကြောင်ကြီး မြင်သာသော နေရာမှာ လွှတ်လိုက်လေသည်။

ကြွက်ကို မြင်သည်နှင့် ကြောင်ကြီးက အတင်းခုန်ဆင်းကာ လူအုပ်ထဲကို လိုက်လေသည်။ ကြွက်ကလည်း လူအုပ်မှ ပလ္လင်ထက်သို့တက်၊ ကြောင်ကြီးကလည်း ပလ္လင်ပေါ်လိုက်နှင့် ဝုန်းဒိုင်းကြဲနေသည်။

နောက်ဆုံး ကြွက်က ဘုရင်ကြီးခေါင်းပေါ်မှ ဖြတ်ပြေးရာ ကြောင်ကြီးက လှမ်းအအုပ် ဘုရင်ကြီး ခေါင်းပေါင်းတော် သရဖူပင် ပြုတ်ကျကုန်သည်။ ကြောင်ကြီးကလည်း ကြွက်ကို မမိမချင်း လိုက်လေသည်။

ကြွက်ကို မိမှ ငြိမ်သွားလေသည်။ ဘုရင်ကြီးလည်း အမတ်ကြီး၏ စကားကို လက်ခံပြီး သဘောကျကာ ဆုလာဘ်တော်များ ပေးသနားတော် မူလိုက်လေသည်။

ပုံပြင်လေးကနေ ပေးချင်တဲ့အသိကတော့ တကယ်ဆိုရင် ကြောင်ကြီးလည်း အရင်က တကယ်ကို သိက္ခာနဲ့ နေလာတာပါ။ ဒါပေမယ့် သူအကြိုက်ဆုံး အစာကို မြင်တော့ ထိန်းလာသမျှ သိက္ခာ မဲ့သွားတာပါ။

လူတွေလည်း ဒီလိုပါပဲ။ တသက်လုံး ထိန်းလာတဲ့ အိန္ဒြေ သိက္ခာတွေဟာ မိမိအကြိုက် ဖြစ်တဲ့ ရွှေေ ငွေ အချစ် တဏှာရာဂ အပျော်အပါး အောင်မြင်မှု များကြောင့် ပျက်သွားတတ်ပါတယ်၊ သိက္ခာ မဲ့သွားတတ်ပါတယ်။ ဒါကြောင့် ကြောင်ကြီးလို မဖြစ်အောင်ထိန်းနိုင်ကြဖို့ လိုအပ်ပါတယ်။ crd

Post a Comment

0 Comments