ကြက်ခြံထဲက မြေခွေး

တခါက ကြက်ခြံ တခြံထဲကို မြေခွေးတကောင်ဟာ ညတိုင်း ဝင်ပြီးတော့ ကြက်တွေကို တည တကောင်နှုန်းနဲ့ သတ်ဖြတ် စားသောက် နေခဲ့တယ်။

ဒီလိုနဲ့ ကြက်တွေ လျော့လာတာကို သတိထားမိ လာတဲ့ ခြံပိုင်ရှင်ဟာ တညမှာတော့ ကြက်သူခိုးကို ဖမ်းမယ် ဆိုပြီးတော့ ထောင်ချောက် ဆင်ထားလိုက်တယ်။

အဲဒီလိုနဲ့ ညဘက် လူခြေတိတ်ချိန် ရောက်တဲ့အခါ မြေခွေးဟာ ထုံးစံအတိုင်း ကြက်ခြံထဲကို လာရော။ လာတော့ ထောင်ချောက်မှာ ကွိခနဲ မိတော့တာပေါ့။

ထောင်ချောက်မှာ မြေခွေးမိလို့ အသံတွေ ကြားရတဲ့ အခါ ကြက်တွေဟာ ဝမ်းသာအားရ ထွက်ကြည့်ပြီးတော့ မြေခွေးအနားမှာ ပျော်ရွှင်လို့ ခုန်ပေါက်နေ ကြတယ်။

မနက်ကျရင် ခြံရှင်က သူ့ကို တွေ့တဲ့အခါ သတ်မယ် ဆိုတာကို တွေးမိလို့ နောင်တ အကြီးအကျယ် ရနေတဲ့ မြေခွေးဟာ "ကျုပ်ကို လွှတ်ပေးကြ ပါဗျာ။ ကျုပ် ဘာမဆို လုပ်ပေးပါ့မယ်။ ကျုပ် မသေချင် သေးဘူးဗျာ။ ကျုပ်ကို လွှတ်ပေး ကြပါ" နဲ့ ကြက်တွေကို တတွတ်တွတ် တောင်းပန်တာပေါ့။

ကြက်တွေဟာ မြေခွေးစကားကို မယုံဘူး။ ဒီကောင် မြေခွေးပေါ့။ ကောက်ကျစ်တယ်။ လွှတ်ပေးလိုက် တာနဲ့ ငါတို့ကို စားတော့မှာ။ ဒီတော့ မလွှတ်ဘူး။ သေပေ့စေ ဆိုပြီး ဆက်လက် ခုန်ပေါက် ပျော်ရွှင်နေ ကြတယ်။

ဒီအားလုံးထဲ ကမှ အသက်အကြီးဆုံး ကြက်တကောင်ကပဲ မြေခွေးနားကို လာလို့ စကား စပြောတယ်။

"မြေခွေး စောစောက ပြောတဲ့ ကျုပ်ဘာမဆို လုပ်ပေးပါ့မယ် ဆိုတဲ့ စကားက မြေခွေး အတည် ပြောနေတာလား"

"တကယ်ပါ။ ကျုပ် ဘာမဆို လုပ်ပေးပါ့မယ်"

"ဒါဆိုရင် ဘာမဆို လုပ်ပေးမယ် ဆိုတာ ခင်ဗျား အတွက်ပဲ ဖြစ်ပါစေ ကျုပ်တို့ အတွက်ပဲ ဖြစ်ပါစေ ကို ပြောတာလို့ ဆိုနိုင်သလား"

"ဆိုနိုင်ပါတယ်"

"ဒါဆိုရင် ခင်ဗျားအနေနဲ့ ကြက်ခြံထဲက ထွက်မသွားပဲ ကျုပ်တို့ကို တခြား မြေခွေးတွေ ရန်က တသက်လုံး ကာကွယ် သွားပေးပါ"

ထင်မှတ်မထားတဲ့ တောင်းဆိုမှုကြောင့် မြေခွေးဟာ အံ့အားသင့် သွားတယ်။ ဒါပေမယ့် သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ သဘောတူ လိုက်တယ်။

"ဟုတ်ကဲ့ပါဗျာ။ နေပေးပါ့မယ်။ အခုတော့ ဘာပဲ ဖြစ်ဖြစ်ပါဗျာ။ ကျုပ်ကို လွှတ်ပေးပါ"

"နေဦးလေ။ လွှတ်ပါ့မယ်။ ခင်ဗျား ကတိသာ တည်ပါစေ" လို့ ပြောပြီး ကြက်တွေနဲ့ တိုင်ပင်လိုက်တယ်။

အကြိတ်အနယ် တိုင်ပင်ပြီးတဲ့ အချိန်မှာတော့ အာရုဏ်တက်စ ပြုနေပြီ ဖြစ်လို့ မြေခွေးဟာ အရမ်းကို တုန်လှုပ်နေပြီ။ ဒီအချိန်ရောက်တော့မှ ထောင်ချောက်တွေကို ကြက်တွေဟာ ဝိုင်းလို့ ဖြုတ်ပေး လိုက်ကြတယ်။

မြေခွေးဟာ အရမ်းကို ဝမ်းသာပြီး ကျေးဇူးတင် လွန်းလို့ ကြက်တွေ တောင်းတဲ့ ကတိအတိုင်း လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကြက်ခြံပိုင်ရှင် နိုးလို့ ခြံထဲကို ဆင်းကြည့်တဲ့ အခါမှာတော့ ခြံထဲမှာ ထောင်ချောက်က လွတ်နေတဲ့ မြေခွေးဟာ ကြက်တွေနဲ့ အတူတကွ ပျော်ရွှင်လို့ ကစားနေတာကို တွေ့လိုက်ပါတော့တယ်။ မြေခွေးဟာ ကြက်ခြံထဲကို ခြံပိုင်ရှင်က လွဲလို့ ဘယ်သူ့ ကိုမှ အဝင်မခံ တော့ပါဘူး။

တရွာလုံးက လူတွေ လာကြည့် ကြတယ်။ ထူးဆန်းတဲ့ ဒီဖြစ်စဉ် ဘာ့ကြောင့် ဖြစ်ရတယ် ဆိုတာကို ဘယ်သူမှ မစဉ်းစား တတ် သလို မြေခွေး ဘာ့ကြောင့် ဒီလို ပြောင်းလဲ သွားတယ် ဆိုတာကို တရွာလုံး ဘယ်သူမှ အဖြေ မထုတ်နိုင် သေးပါဘူး။

သင်ခန်းစာ။ ။ ဒုက္ခရောက်နေသူ တဦးသည် ကျေးဇူး မသိတတ်သူပင် ဖြစ်လင့်ကစား အလွတ်မြောက် ချင်ဆုံး အချိန်တွင် လွတ်မြောက်ခဲ့ သည့်အခါ ထိုကျေးဇူးကို မဖြစ်မနေ ဆပ်ရန် ကြိုးစားတတ် လာသည်။

ထို့အတူပင် ခွင့်လွှတ်ခြင်း အတူယှဉ်တွဲနေထိုင်ခြင်း ကြက်၏ ဖြတ်ထိုးဉာဏ် စသည် တို့ကို မီးမောင်း ထိုးပြထားသည့် အနောက်တိုင်း ၄ တန်းအဆင့် သင်ရိုးပါ ပုံပြင်လေး တပုဒ် ဖြစ်ပါတော့သည်။ မှတ်စုကြမ်း

Post a Comment

0 Comments