ယုံကြည်မှုလေး ပေးလိုက်ပါ

တခါက အက်ဒီဆင်ဟာ မီးလုံးကို တီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

စာနယ်ဇင်းသမားတွေ ရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့ အချိန်မှာတော့ အက်ဒီဆင်က သူအိမ်က အလုပ်သမား ကောင်လေးတယောက်ကို သူ့ရဲ့မီးလုံးကို သွားယူခိုင်းပါတယ်။

ကောင်လေးဟာ မီးလုံးကို ယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက် လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့တာ အားလုံးသိပါတယ်။

ဒါပေမယ့် အင်ဒီဆင်ကတော့ ကောင်လေးကို ဘာမှမပြောဘဲ စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်။ သူအသစ်ထပ်မံ ပြုလုပ်ပြီးရင် ပြန်လည် ဖိတ်ကြားပါမယ်ပေါ့။

ကောင်လေးကတော့ သူ့ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဒီလို ဖြစ်သွားရတာကို စိုးရိမ်ကြောက်ရွံ့ နေပါသတဲ့။ အက်ဒီဆင်ဟာလည်း နောက်ထပ် မီးလုံးတလုံးကို ထပ်မံပြုလုပ်ဖို့ရာ လနဲ့ချီပြီး အချိန်ယူ လုပ်ဆောင်လိုက်ရ ပါသတဲ့။

မီးလုံး ပြီးသွားချိန်မှာတော့ စာနယ်ဇင်းသမားတွေကို ထပ်မံ ဖိတ်ခေါ်လိုက်ပြန် ပါသတဲ့။ သတင်းထောက်တွေ ရောက်လာပြီးအားလုံးအဆင်သင့် ဖြစ်ချိန်မှာတော့ သူရဲ့မီးလုံးကို သွားယူဖို့ရာ ယခင်ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်။

ကောင်လေးဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်။ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြီးဆုံးချိန်မှာတော့ သတင်းထောက်တချို့က မေးပါတယ်။

"မစ္စတာအက်ဒီဆင်ခင်ဗျား၊ မီးလုံးသွားယူတဲ့ ကောင်လေးဟာ ဟိုတခါ သူ့ကြောင့် မီးလုံးကျကွဲသွားဖူးတယ် မဟုတ်လား။ ဆရာ့မှာ တခြား ခိုင်းစရာလူတွေ အများကြီး ရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ ပြန်ခိုင်းရတာလဲ။ ဒီတခါ ကျကွဲသွားရင် နောက်တခါ အချိန်အများကြီး ပြန်ယူရမှာ မစိုးရိမ်ဘူးလား" လို့ မေးပါသတဲ့။

ဒီတော့ အက်ဒီဆင်ကြီး ပြန်ဖြေလိုက်ပုံကတော့ "ကျုပ်တမင်တကာ သူ့ကို ခိုင်းလိုက်တာဗျ။ မီးလုံး ထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီတခါ ဒီကောင်လေးကို အခွင့်အရေးပေးပြီး ထပ်မခိုင်းခဲ့ရင် ဒီကောင်လေးရဲ့ နှလုံးသား ကျကွဲသွားမှာဗျ" လို့ ပြန်ဖြေလိုက် ပါတော့သတဲ့။

နှလုံးသားဆိုတာ အင်မတန် နူးညံ့ပါတယ်။ ကွဲကြေသွားတဲ့ နှလုံးသားကို ပြန်လည် ကုစားဖို့ ဆိုတာ အချိန်ကာလ သတ်မှတ်လို့မရနိုင်ပါဘူး။ ကိုယ့်ကြောင့် ဘယ်သူ့ဘယ်သူရဲ့ နှလုံးသားကိုမှ မကွဲကြေပါစေနဲ့။ Crd

Post a Comment

0 Comments