တရံရောအခါက ရွာတရွာတွင် လူတယောက် ရောက်လာပြီး မျောက်တကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကျေညာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ် ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။
ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။
ထို့နောက် ထိုလူကပင် မျောက်တကောင် ၁၀၀၀၀ ဖြင့် ဝယ်မည်ဟု ထပ်ကျေညာသည်။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။
မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည် ဆို၏။ ဈေးက တကောင် ၁၅၀၀၀ ပေးမည်။
မျောက်များ ရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင် ဖြစ်သွားသည်။ နောက်ဆုံး ထိုလူက ထပ်ကျေညာသည်။
မျောက်တကောင် ၅၀၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာ ရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့် လုပ်ရန် မှာသွားသည်။
ထိုလူ သွားသော် လက်ထောက်က ရွာသားများကို ပြောသည်။ "ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်း ရှာမတွေ့တော့ဘူး ဆိုတော့ကျွန်တော် ဂွင်တခု ပေးမယ်။
ကျွန်တော့် ဆရာဝယ်ထားတဲ့ မျောက်တွေ တွေ့တယ် မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တကောင် ၃၀၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။
ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ ၅၀၀၀၀ နဲ့ ရောင်းပေါ့။ ၂၀၀၀၀ တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံ ပေးတာပါ"
ရွာသားများလည်း ရှိသမျှပိုက်ဆံ ထုတ်ပြီး တိုးဝှေ့ ဝယ်ကြရာ မျောက်တကောင်တောင် မကျန်ချေ။ ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။
သင်ခန်းစာ။ ။ လူတယောက်ဟာ မရသင့်တဲ့ ပစ္စည်းကို လောဘကပ်နေပြီဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ။ သတိသာ ထားဖို့ ပြင်ပေတော့။ ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့ မျှားတတ်လို့ပါပဲ။
0 Comments