အပေါင်းအသင်းမှားတော့ ဘဝပျက်

ရှေးရှေးတုန်းက လှပတဲ့ ကြိုးကြာငှက်ကလေး တကောင် ရှိတယ်။ တနေ့မှာ အဲဒီကြိုးကြာလေးဟာ ဗျိုင်းတကောင်နဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။ မိတ်ဆွေဖြစ်သွားပြီး မိနစ်ပိုင်းမှာ ဗျိုင်းက ကြိုးကြားကို ဒီလို ပြောခဲ့ပါတယ်။

"အိုအဆွေကြိုးကြာ၊ သင့်စားရေးသောက်ရေး ပြေလည်ပါရဲ့လား" လို့ မေးတော့ ကြိုးကြာက "ပြေလည်ပါတယ် မိတ်ဆွေ" လို့ ပြန်ဖြေတယ်။ အဲဒီတော့ ဗျိုင်းက ဆက်ပြောပါတယ်။

"အိုအဆွေကြိုးကြာ၊ ယခုအခါ သင်သည် ကျွန်ုပ်၏ မိတ်ဆွေ ဖြစ်ပြီမို့ ကျွန်ုပ်တို့ စားကျက်နေရာကို သင့်ကို ပြလိုပါတယ်။ ထိုနေရာတွင် အစားအသောက်တို့ ပေါများလှပါတယ်" လို့ ပြောတယ်။

ထိုအခါ ကြိုးကြာက "မလိုက်လိုပါ မိတ်ဆွေ။ ဒီနေရာမှာဘဲ နေလိုပါတယ်။ ဒီနေရာဟာ ဘေးကင်းပြီး အေးချမ်းပါတယ်" လို့ ပြန်ပြော ပါတယ်ကွယ်။ အဲဒီအခါဗျိုင်းက

"သင်အတော် အသေးတာဘဲ မိတ်ဆွေ။ ကျွန်ုပ်တို့ ညနေတိုင်း စားနေသည်မှာ ဘာမျှ မဖြစ်တာသာ ကြည့်ပါ။ လိုက်ကြည့်ပြီး မကြိုက်လျှင် နောင်မလာဘဲ နေလိုက နေနိုင်ပါတယ်။ ဒီနေ့တော့ လိုက်ကြည့်လှည့်ပါ။ နောက်နေ့မှ သင့်ကို သီးခြားလိုက်ပြဘို့ အချိန်မရှိပါ။

တော်ကြာနေလျှင် ကျွန်ုပ်တို့၏ မိတ်ဆွေများ ထိုနေရာသို့ သွားကြတော့မည်။ သင်လိုက်လိုလျှင် တပါတည်း လိုက်ခဲ့ပါ" လို့ လှောင်သလိုလို၊ အထင်သေး သလိုလို၊ ကူညီသလိုလို လေသံနဲ့ ထပ်ပြောလာ ပြန်ပါတယ်။ အဲဒါနဲ့ ကြိုးကြာလေးလည်း ဗျိုင်းတွေနဲ့ အတူ လိုက်ပါသွားခဲ့ ပါတယ်။

လယ်သမားဟာ သူ့ယာခင်းထဲမှာ သူစိုက်ထားတဲ့ အစေ့တွေကို ဗျိုင်းတွေ ညနေတိုင်း လာလာစားနေတာမို့ ကြာတော့ စိတ်တိုလာပြီး အဲဒီညနေမှာ ပိုက်ကွင်းကြီးတခု ထောင်ထားသတဲ့ကွယ်။ ငှက်တွေဟာ စိုက်ခင်းထဲ နားလိုက်တာနဲ့ တပြိုင်နက် အားလုံးအဲဒီ ပိုက်ကွန်ထဲမှာ မိကြပါလေရော။

ကြိုးကြာဟာ ဗျိုင်းကို ချက်ချင်း အပြစ်တင် ပါတော့တယ်။ "မင်းပြောတုန်းက စိတ်ချရတယ်ဆို" လို့ ပြောတော့ ကျန်တဲ့ဗျိုင်းတွေက ကြိုးကြာကို ဝိုင်းလှောင်ရယ် ကြပါတယ်။

ဗျိုင်းကလည်းချက်ချင်းဘဲ ပြန်ပက်ပါတယ်။ "မင်းသဘောနဲ့ မင်းလိုက်လာတာ။ မင်းကို ဘယ်သူမှ အတင်း ခေါ်လာတာ မဟုတ်ဘူး" ဆိုတော့ ကြိုးကြာလည်း ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။

မကြာခင် လယ်သမားကြီး ရောက်လာပြီး ဗျိုင်းတွေရဲ့ ခေါင်းကို တုတ်ကြီး တချောင်းနဲ့ လိုက်ပြီး ရိုက်သတ် ပါတော့တယ်။ လယ်သမားကြီး သူ့အနား ရောက်လာတော့ ကြိုးကြာက မျက်ရည်စတွေနဲ့ လယ်သမားကြီးကို ဒီလို တောင်းပန်ပါတယ်။

"ကျနော့်ကို လွှတ်ပေးပါခင်ဗျာ။ ကျနော် နောက်ဘယ်တော့မှ ပြန်မလာပါဘူး။ ကျနော်ဟာ ကြိုးကြာမျိုးပါ။ မြင့်မြတ်တဲ့ အမျိုးထဲကပါ။ ဗျိုင်းခေါ်လာလို့ ပဌမဆုံးအကြိမ် အဖြစ် လိုက်လာမိ တာပါ" လို့ မျက်ရည်တွေနဲ့ တောင်းပန်ပါတယ်။

လယ်သမားကြီးက "ဟေ့ ကြိုးကြာတွေ၊ ကရဝိတ်တွေ ငါ စိတ်မဝင်စားဘူးကွ။ မင်းကို သူခိုးတွေနဲ့ အတူမိတာ မင်းလည်းသူခိုးဘဲ။ သူတို့နဲ့ အတူတူ အပြစ်ဒါဏ် ခံရမှာဘဲ" ဆိုပြီး ကြိုးကြာကို ရိုက်ထည့်လိုက်တာ ကြိုးကြာလေး သေပွဲ ဝင်ခဲ့ရပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သက်လို့ နောင်တဆိုတာ ဘယ်တော့မှ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် နောင်တရမဲ့ အလုပ်မျိုးကို သတိထား ရှောင်သင့်ပါတယ်။ ဒီလိုပဲ ပေါင်းတဲ့ အပေါင်းအသင်းဟာ သိပ်ကို အရေးကြီးပါတယ်။

"ကြက်သွန်ဟာ ငရုတ်သီးနဲ့ သွားပေါင်းမိမှ ရောပြီး အထောင်းခံရတယ်" ဆိုသလို ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး မကောင်းတဲ့ အပေါင်းအသင်းတွေကို စိတ်ညစ်ခံပြီး မပေါင်းပါနဲ့။ Crd

Post a Comment

0 Comments